ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် မတိုင်မီ အင်္ဂလန်ကွင်းလယ်လူဆာကာရဲ့ ကြံ့ခိုင်မှု စိုးရိမ်ရ

0

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင်မှာ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်စရာတွေရှိလာတာကြောင့် နည်းပြဆောက်ဂိတ်ဟာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်အတွက် သူ့နေရာမှာအစားထိုးထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဆာကာဟာ အင်္ဂလန်အသင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်ရရှိထားတာပါ။

ဆာကာဟာ ကန်သွင်းမှုအတွက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့အချိန်မှာ ရရှိခဲ့တဲ့ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို မပါဝင်နိုင်ခဲ့သလို အခုထိလည်း ကြံ့ခိုင်မှုအပြည့်အဝမရရှိသေးတာဖြစ်ပါတယ်။ ဆာကာဟာ အင်္ဂလန်အသင်းက ဘော့စနီးယားအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ မပါဝင်ခဲ့သလို အိုက်စလန်အသင်းကို (၁-ဝ)ဂိုးနဲ့ အင်္ဂလန်အသင်းအရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ် (၂၅)မိနစ်သာ ပါဝင်ကစားခဲ့တာပါ။

Daily Mirror က ဆာကာရဲ့ ကြံ့ခိုင်မှုဟာစိုးရိမ်နေရဆဲဖြစ်တဲ့အတွက် နည်းပြ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဆေးအဖွဲ့တို့ဟာ သူတို့ရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို စီမံခန့်ခွဲရမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဆာကာဟာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်အတွက် အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ထားပေမယ့် နည်းပြ ဆောက်ဂိတ်က ဒဏ်ရာအခြေအနေပိုမိုဆိုးရွားမယ့် အခြေအနေကနေရှောင်ရှားနိုင်အောင် ဆာကာကို အနားပေးဖွယ်ရှိနေတာပါ။

အိုက်စလန်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆာကာဟာ လေ့ကျင့်ခန်းအစီအစဉ်အများအပြားကို လွဲချော်ခဲ့ပြီး သူ့ရဲ့ကြံ့ခိုင်မှုကို လာမယ့်ရက်ပိုင်းအတွင်း အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *