သတင်းတွေကြိုထွက်တဲ့အတိုင်း ဂျူဗင်တပ်စ်နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ သီယာဂိုမော့တာ

0

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ သတင်းတွေကြိုတင်ထွက်ရှိထားတဲ့အတိုင်း ဘိုလော့နာအသင်းနည်းပြသီယာဂိုမော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိမော့တာဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့နာအသင်းကို ရလဒ်ကောင်းတချို့ရယူပေးခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာဖလားရပြီး မကြာခင်မှာပဲ အသင်းနည်းပြအယ်လီဂရီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အဲဒီအချိန်ကတည်းက မော့တာဟာ ဂျူဗင်တပ်စ်နည်းပြဖြစ်လာတော့မယ်လို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနည်းပြသစ် သီယာဂိုမော့တာ

မော့တာဟာ ကစားသမားဘဝက ဘာစီလိုနာ၊ အက်သလက်တီကို၊ ဂျီနိုအာ၊ PSG အစရှိတဲ့အသင်းတွေမှာ ကစားခဲ့သလို ဂျူဗင်တပ်စ်အသင်းရဲ့အဓိကပြိုင်ဘက် အင်တာမီလန်အသင်းမှာလည်း အဓိကကစားသမားတစ်ဦးအဖြစ်ကစားခဲ့သူဖြစ်ပါတယ်။

မော့တာဟာ ၂၀၁၈ မှာ သူရဲ့အသင်းဟောင်း PSG အသင်းရဲ့ယူ-၁၉ အသင်းကို နည်းပြအဖြစ်တာဝန်ယူကာ နည်းပြလောကကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဘိုလော့နာကို မကိုင်တွယ်ခင် ဂျီနိုအာအသင်း(၂၀၁၉)၊ စပီဇီယာအသင်း(၂၀၂၁-၂၂)တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

ဘိုလော့နာအသင်းကို ၂၀၂၂ စက်တင်ဘာလက စတင်ကိုင်တွယ်ခဲ့တဲ့ မော့တာဟာ အသင်းကို (၇၆)ပွဲကိုင်တွယ်ခဲ့ရာမှာ (၃၅)ပွဲနိုင်(၂၄)ပွဲသရေ၊ (၁၇)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *