ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဝယ်ယူခဲ့တဲ့ အန်ဒွန်ဘီလီရဲ့ စာချုပ်ကိုဖျက်သိမ်းကြောင်း စပါးကြေညာ

0

စပါးအသင်းဟာ ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

စပါးအသင်းဟာ အန်ဒွန်ဘီလီကို၂၀၁၉ ဇူလိုင်က လိုင်ယွန်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

အသက်(၂၇)နှစ်အရွယ်ရှိ အန်ဒွန်ဘီလီဟာ စပါးအသင်းအတွက် ပွဲပေါင်း(၉၁)ပွဲပါဝင်ကစားခဲ့ပြီး (၁၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဒွန်ဘီလီဟာ ၂၀၂၂ က အသင်းဟောင်း လိုင်ယွန်အသင်းထံ အငှားနဲ့ ပြန်လည်မပြောင်းရွှေ့ခင် စပါးအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့နဲ့ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။

အန်ဒွန်ဘီလီဟာ ၂၀၂၂-၂၃ ရာသီမှာ နာပိုလီအသင်းနဲ့ ပြီးခဲ့တဲ့ရာသီ ဂါလာတာစာရေးအသင်းတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး လိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

စပါးအသင်းနဲ့ အန်ဒွန်ဘီလီတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်ကျန်ရှိသေးပေမယ့် နှစ်ဖက်စလုံးက ဇွန် (၃၀)ရက်ကစတင်ပြီး သူတို့ရဲ့လက်တွဲမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အန်ဒွန်ဘီလီဟာ ၂၀၂၂ ဇန်နဝါရီ(၉)ရက်က မိုကမ်ဘီအသင်းနဲ့ FA ဖလား(တတိယအဆင့်)ပွဲစဉ်မှာ စပါးအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ အန်ဒွန်ဘီလီ ကလပ်အတွက် စွမ်းဆောင်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အန်ဒွန်ဘီလီဟာ ပြင်သစ်အသင်းအတွက် (၇)ပွဲပါဝင်ကစားထားပြီး နောက်ဆုံးပါဝင်ကစားခဲ့တာက ၂၀၂၁ က ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *