ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်မတိုင်ခင် ဘာပေဖျားနာပြီး လေ့ကျင့်ရေးလွဲချော်

0

ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ် ဘာပေဟာ ပြင်သစ်အသင်းရဲ့ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ဖျားနာမှုကြောင့် လေ့ကျင့်ရေးကို လွဲချော်ခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ အင်္ဂလန်အသင်း​နောက်မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ပြင်သစ်အသင်းဟာ ပါဒါဘွန်းမှာရှိတဲ့ သူတို့ရဲ့လေ့ကျင့်ရေးစခန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြင်ဆင်မှုကို ထိခိုက်မှုတွေရှိခဲ့တာပါ။

အဲ့ဒါကြောင့် အသင်းခေါင်းဆောင် ဘာပေနဲ့ တောင်ပံကစားသမား ကိုးမန်းတို့ဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့လေ့ကျင့်ရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာ ဘာပေဟာ Gym မှာ ​လေ့ကျင့်နေပြီး လေ့ကျင့်ရေးကွင်းမှာ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ကိုးမန်းဟာ သူ့ရဲ့အသက်(၂၈)နှစ်ပြည့်မွေးနေ့ကို အခန်းထဲမှာ အထီးကျန်စွာဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီက သူဟာ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရာမှာ ဖျားနာမှုတွေနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဒမ်ဘီလီက အခုအချိန်မှာ အနည်းငယ်ဖျားနာနေတဲ့ ကိုးမန်းကလွဲပြီး တစ်သင်းလုံးက ကောင်းမွန်နေပြီလို့လည်း မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်(၁၇)ရက်မှာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာတော့ ဘာပေ၊ ကိုးမန်းနဲ့ ဒမ်ဘီလီတို့ဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးဖို့ ​မျှော်လင့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *