ဘာပေရဲ့ နှာခေါင်းခွဲစိတ်ဖို့ မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု

0

မနေ့က ဩစတြီးယား(၀-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာရရှိသွားခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေရဲ့နှာခေါင်းကို ခွဲစိတ်မှုခံယူဖို့မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က အတည်ပြုခဲ့ပါတယ်။ ဘာပေဟာ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရရင် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် မပါဝင်နိုင်တော့မှာကို စိုးရိမ်မှုတွေရှိနေကြတာပါ။

နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ခံခဲ့ရတဲ့ ဘာပေရဲ့ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ခွဲစိတ်မှုခံယူဖို့ မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဘာပေဟာ ဒီပွဲစဉ်ရဲ့ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ ဩစတြီးယားအသင်းနောက်ခံလူ ဒန်ဆိုနဲ့ ဘောလုံးယှဉ်ပြီးခေါင်းတိုက်ရာမှာ နှာခေါင်းရိုးကျိုးသွားခဲ့တာပါ။ ဘာပေဟာ ဒဏ်ရာအခြေအနေကို ကုသမှုခံယူပြီးနောက် ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းထဲမှာ ပြန်ပြီးထိုင်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာပေဟာ အချိန်ဆွဲကစားတယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းကို ခံခဲ့ရတာပါ။ ဘာပေဟာ နှာခေါင်းခွဲစိတ်မှုခံယူဖို့ မလိုအပ်ပေမယ့် ပြင်သစ်အသင်းရဲ့လာမယ့်ပွဲတွေမှာ မျက်နှာဖုံးတပ်ဆင်ပြီး ကစားရဖို့ ရှိနေပါတယ်။ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က ဘာပေရဲ့နှာခေါင်းအခြေအနေဟာ ဆိုးရွားပေမယ့် နိုင်ငံအသင်းရဲ့လာမယ့်ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန် (၂၁)ရက်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ နယ်သာလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ပိုလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *