မန်ယူနိုက်တက်နဲ့ မိမိစာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ အဲရစ်တန်ဟတ် ဆို

0

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က သူနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။

အဲရစ်တန်ဟတ်နဲ့ မန်ယူနိုက်တက်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၂)လသာကျန်ရှိတော့တာဖြစ်ပေမယ့် (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာပါ။

အဲရစ်တန်ဟတ်ဟာ အစောပိုင်းက မန်ယူနိုက်တက်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဦးဆောင်တဲ့ INEOS က ပြီးခဲ့တဲ့ရာသီကို ပြန်လည်သုံးသပ်မှုတွေပြုလုပ်အပြီးမှာ သူ့ကို လာမယ့်ရာသီဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နဲ့ ရာသီအဆုံးသတ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အဲရစ်တန်ဟတ်က “မန်ယူနိုက်တက်နဲ့ ကျွန်တော်ဟာ စာချုပ်သစ်အတွက် သဘောတူညီမှုတစ်ခုကို ရှာဖွေရမှာပါ။ ဒါက လွယ်လွယ်နဲ့ ပြီးဆုံးမှာမဟုတ်ဘဲ ကျွန်တော်တို့ ဒီအကြောင်းကို ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကျန်ရှိနေပါသေးတယ်”လို့ ဒတ်ချ်ရုပ်သံ NOS ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းဟာ သူတို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတာ သူ့ကို ပြောခဲ့ပေမယ့် ကလပ်မှာ အကောင်းဆုံးနည်းပြရှိပြီးသားဖြစ်လို့ ဒါက အဆုံးသတ်သွားခဲ့တယ်လို့လည်း NOS ကို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၂ မေက အိုင်းယက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနဲ့အတူ ကာရာဘောင်းလိဂ်ဖလား၊FA ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ရာသီကြိုလေ့ကျင့်မှုတွေကို ဇူလိုင် ဒုတိယအပတ်မှာ စတင်ပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *