တစ်ရာသီကစားအပြီးမှာ အသင်းကနေ ဆာဂျီယိုရာမို့စ် ထွက်ခွာမယ်လို့ ဆီဗီလာ ကြေညာ

0

စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ တစ်ရာသီကြာကစားအပြီးမှာ ကလပ်အသင်းကနေ ထွက်ခွာမယ်လို့ ဆီဗီလာအသင်းက ကြေညာခဲ့ပါတယ်။

ဆာဂျီယိုရာမို့စ်ဟာ ဆီဗီလာအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကိုဖြည့်ဆည်းပြီးနောက် လာမယ့်ရာသီဆက်ရှိမှာမဟုတ်တော့ဘူးလို့ ဆီဗီလာအသင်းထံ အကြောင်းကြားခဲ့တာကို ကလပ်အသင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။

ဆီဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ ကလပ်အသင်းကြီးမှာ ၂၀၀၄-၀၅ တစ်ရာသီသာကစားပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် (၁၈)နှစ်အကြာ ပြီးခဲ့တဲ့နွေရာသီမှာ ငယ်ဘဝကလပ် ဆီဗီလာအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။ ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာအသင်းအတွက် (၃၇)ပွဲကစားခဲ့ပြီး (၇)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆာဂျီယိုရာမို့စ်နဲ့ ဆီဗီလာအသင်းတို့ရဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး သူက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆီဗီလာအသင်းက ပြီးခဲ့တဲ့ရာသီမှာ ဆာဂျီယိုရာမို့စ်ပြသခဲ့တဲ့ ကတိကဝတ်တွေ၊ဦးဆောင်မှုတွေအတွက် ကျေးဇူးတင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးတယ်လို့ ပြောခဲ့ပါတယ်။ ဆီဗီလာအသင်းဟာ ဆာဂျီယိုရာမို့စ်အတွက် နှုတ်ဆက်မှုကို ဇွန်(၁၈)ရက် အိမ်ကွင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

အသက်(၃၈)နှစ်အရွယ်ရှိ ဆာဂျီယိုရာမို့စ်ဟာ မေဂျာလိဂ်၊ဆော်ဒီကလပ်အသင်းတွေအပြင် အသင်းအချို့ရဲ့ချိတ်ဆက်မှုတွေကို ခံထားရတာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *