ဒိန်းမတ်နဲ့ ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်ကို လုပ်ခ်ရှော လွဲချော်

0

မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ဒိန်းမတ်အသင်းနဲ့ ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ အင်္ဂလန်(၁-ဝ)ဆားဘီးယား အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အင်္ဂလန်အသင်းအတွက်မပါဝင်နိုင်ခဲ့တာကြောင့် ထရစ်ပီယာက ဘယ်နောက်ခံလူအဖြစ် ပွဲထွက်ခဲ့ရတာပါ။

လုပ်ခ်ရှောဟာ မန်ယူနိုက်တက်အသင်းက လူတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီကတည်းက ဘောလုံးကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အပြီးသတ်လူစာရင်းထဲ လုပ်ခ်ရှောကို စွန့်စားပြီး ရွေးချယ်ခဲ့တာပါ။ လုပ်ခ်ရှောဟာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် မပါဝင်နိုင်ခဲ့သလို ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။

လုပ်ခ်ရှောဟာ သူ့ရဲ့ကြံ့ခိုင်မှုအစီအစဉ်ကို အသင်းဖော်တွေနဲ့ အဝေးမှာပြုလုပ်နေတာကြောင့် ဒိန်းမတ်အသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်ကိုလည်း လွဲချော်နိုင်ဖွယ်ရှိနေတာပါ။ လုပ်ခ်ရှောဟာ ကြံ့ခိုင်မှုအခြေအနေကြောင့် အင်္ဂလန်အသင်း အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ရောက်နိုင်မှသာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းမှုတွေပြုလုပ်ထားကြပါတယ်။

အဲ့ဒါကြောင့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာလည်း ထရစ်ပီယာကိုသာ ဘယ်နောက်ခံလူအဖြစ် ဆက်ပြီးအသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *