မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးကို ငြင်းပယ်ပြီး ဘိုင်ယန်မြူးနစ်ထံပြောင်းရွှေ့ဖို့ အိုလီဆီ ရွေးချယ်

0

ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အိုလီဆီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်အသင်း၊ချယ်လ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ကို ငြင်းပယ်ပြီး ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတာကြောင့် ကလပ်အသင်း(၂)သင်းဟာ အိုလီဆီရဲ့စာချုပ်ဖျက်သိမ်းကြေး(Release Clause)အတွက် ဆွေးနွေးမှုတွေပြုလုပ်နေကြတာပါ။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ တွဲဖက်မယ့် စိတ်လှုပ်ရှားဖွယ်တိုက်စစ်ဆင်မှုပုံစံအသစ်အဖြစ် အိုလီဆီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိုလီဆီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတဲ့ နယူးကာဆယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ နောက်ပိုင်း ဒီပြိုင်ဆိုင်မှုမှာ ပါဝင်ခြင်းမရှိတော့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အိုလီဆီကို စာချုပ်သစ်ချုပ်ဆိုချင်နေပေမယ့် ချန်ပီယံလိဂ်ယှဉ်ပြိုင်ချင်တဲ့ သူ့ရဲ့ဆန္ဒကို လွန်ဆန်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အိုလီဆီကို ခေါ်ယူချင်ခဲ့ပေမယ့် သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးမတက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါဖလားကို လေဗာကူဆင်အသင်းကို ပေးခဲ့ရပြီးနောက် ဂျာမန်ဘောလုံးလောကကို ပြန်လည်ကြီးစိုးနိုင်ဖို့ အလိုရှိနေတာပါ။ အိုလီဆီဟာ ၂၀၂၁ က ရီးဒင်းအသင်းကနေ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းဖော် အီဇီနဲ့အတူ တွဲဖက်ကာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်ကမှ တစ်ပတ်လုပ်ခပေါင်(၁)သိန်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ၂၀၂၇ အထိစာချုပ်ချုပ်ဆိုခဲ့တဲ့ အိုလီဆီဟာ ပြီးခဲ့တဲ့ရာသီက (၁၀)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ အိုလီဆီဟာ ဇူလိုင်မှာ စတင်မယ့် အိုလံပစ်ပြိုင်ပွဲအတွက် ပြင်သစ်အိုလံပစ်အသင်းမှာ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *