ဆွစ်ဇာလန်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ တီယာနေး ဟန်ဂေရီနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ စတိဗ်ကလက်ခ်ဆို

0

မနေ့က စကော့တလန်(၁-၁)ဆွစ်ဇာလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်အသင်းဘယ်နောက်ခံလူ တီယာနေးဟာ ဟန်ဂေရီအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မယ်လို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလပ်ခ်က ပွဲအပြီး BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

တီယာနေးဟာ ဒဏ်ရာအခြေအနေဆိုးခဲ့တာကြောင့် ပွဲချိန်(၆၁)မိနစ်မှာ လူစားလဲခံခဲ့ရပြီး ကွင်းအပြင်ကို ထမ်းစင်နဲ့ ထွက်ခွာသွားခဲ့ရတာပါ။

အသက်(၂၇)နှစ်အရွယ်ရှိ တီယာနေးဟာ တံကောက်ကြောဒဏ်ရာအပါအဝင် အရင်ကလည်း ဒဏ်ရာပြဿနာအများအပြား ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒီပွဲစဉ်မှာ နောက်ထပ်ဒဏ်ရာဆုတ်ယုတ်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က တီယာနေးရဲ့ဒဏ်ရာအခြေအနေဟာ ဆိုးရွားတယ်လို့ ဝန်ခံခဲ့ပြီး သူတို့ရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ဖို့ အရေးကြီးတဲ့ ဟန်ဂေရီအသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။

စတိဗ်ကလက်ခ်က “တီယာနေးကို ကြည့်ရတာဆိုးရွားပြီး ဟန်ဂေရီအသင်းနဲ့ပွဲစဉ်ကို သေချာပေါက်လွဲချော်မှာပါ။ တီယာနေးဟာ ထိပ်တန်းကစားသမားဖြစ်တာကြောင့် သူ့အတွက် ကျွန်တော်တို့လည်း ခံစားရပါတယ်”လို့ ဆိုခဲ့ပါတယ်။

စကော့တလန်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ သရေကျခဲ့တာကြောင့် အုပ်စုတွင်း တတိယနေရာမှာရပ်တည်နေတာဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ဟန်ဂေရီအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရလဒ်ရယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *