UEFA ၏အထူးခွင့်ပြုချက်ရမှ ပြင်သစ်အလံပုံ မျက်နှာဖုံးကို ဘာပေ ဝတ်ဆင်ခွင့်ရမည်

0

နှာခေါင်းရိုးကျိုးထားတဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အလံပါဝင်တဲ့ မျက်နှာဖုံးကို ဝတ်ဆင်ခွင့်ရဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့အထူးခွင့်ပြုချက်လိုအပ်ကြောင်း သိရပါတယ်။

ဘာပေဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြင်သစ်အလံပါဝင်တဲ့ မျက်နှာဖုံးဝတ်ဆင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဘာပေဟာ ပြင်သစ်အသင်းက သြစတြီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ သြစတြီးယားအသင်းနောက်ခံလူ ဒန်ဆိုရဲ့ပခုံးနဲ့သူ့ရဲ့မျက်နှာထိခိုက်မိပြီး နှာခေါင်းရိုးကျိုးသွားခဲ့တာဖြစ်ပါတယ်။

နှာခေါင်းရိုးကျိုးခဲ့တဲ့ ဘာပေဟာ ပွဲကိုအမြန်ဆုံးပြန်ကစားနိုင်ဖို့ မျှော်လင့်နေပြီး ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြင်သစ်အလံပါဝင်တဲ့ မျက်နှာဖုံးဝတ်ဆင်ကာ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့စည်းမျဉ်းအရ အထူးခွင့်ပြုချက်မရရင် ဘာပေအနေနဲ့ တစ်ရောင်တည်းပါဝင်တဲ့ မျက်နှာဖုံးကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က ဘာပေဟာ ဒီနေ့ကစားမယ့် နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ကြောင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။

ဒါပေမယ့် ESPN က ဘာပေဟာ နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ ပြင်သစ်အသင်းရဲ့အရန်လူစာရင်းမှာသာ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ ပြင်သစ်အသင်းနဲ့ နယ်သာလန်အသင်းတို့ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *