မျက်နှာထိခိုက်ခဲ့တဲ့ ဗာဂါ ဆေးရုံမှာအခြေအနေတည်ငြိမ်နေပြီလို့ ဟန်ဂေရီနည်းပြ မာကိုရော့စီ ဆို

0

မနေ့က စကော့တလန်(ဝ-၁)ဟန်ဂေရီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ စကော့တလန်အသင်းဂိုးသမား ဂန်းနဲ့ထိခိုက်မိပြီး မျက်နှာမှာပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ ဟန်ဂေရီအသင်းတိုက်စစ်မှူး ဗာဂါဟာ ဆေးရုံမှာအခြေအနေတည်ငြိမ်နေပြီလို့ နည်းပြ မာကိုရော့စီက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၇)မိနစ်မှာ ဗာဂါဟာ ဂန်းနဲ့ထိခိုက်မိပြီး ကွင်းအတွင်းလဲကျခဲ့တာကြောင့် ကုသမှုခံယူခဲ့ရတဲ့အတွက် ပွဲကို(၇)မိနစ်ကြာရပ်နားခဲ့ရတာပါ။

ဗာဂါကွင်းအတွင်းလဲကျခဲ့ပြီးနောက် စိုးရိမ်ရတဲ့အနေအထားမှာရှိနေတဲ့အတွက် (၂)သင်းစလုံးဟာ ဆေးအဖွဲ့ဝင်တွေကို ကွင်းအတွင်းအမြန်ဆုံးလာရောက်ဖို့ အချက်ပြခဲ့တာဖြစ်ပါတယ်။ ဗာဂါကို ထမ်းစင်နဲ့ ကွင်းအပြင်ကို သယ်မထုတ်ခင် ကွင်းအတွင်းကုသမှုခံယူချိန်မှာ ကစားသမားတွေဟာ အဝတ်တွေနဲ့ ကာထားပေးခဲ့ကြတာပါ။ နောက်ပိုင်းမှာ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က ဗာဂါရဲ့အခြေအနေတည်ငြိမ်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဟန်ဂေရီအသင်းနည်းပြ မာကိုရော့စီက ဗာဂါဟာ ပါးရိုးအက်သွားခဲ့တဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။ ဒါ့အပြင် ဟန်ဂေရီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ခဲ့မယ်ဆိုရင် ဗာဂါဟာ သူတို့နဲ့အတူ ပါဝင်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဟန်ဂေရီအသင်းကစားသမားတွေဟာ ပွဲအပြီးအောင်ပွဲခံချိန်မှာ ဗာဂါရဲ့အင်္ကျီကိုကိုင်ပြီး အောင်ပွဲခံခဲ့သလို အသင်းခေါင်းဆောင် ဆိုဘို့ဆလိုင်းဟာ ဗာဂါရဲ့အင်္ကျီဝတ်ဆင်ထားခဲ့တာပါ။

ဟန်ဂေရီအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် အုပ်စုပွဲစဉ်(၃)ပွဲစလုံးကစားအပြီးမှာ ရမှတ်(၃)မှတ်နဲ့ တတိယနေရာမှာရပ်တည်နေပြီး အကောင်းဆုံးအုပ်စုတတိယနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်မလားဆိုတာ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *