အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လီဗာပူးလ် ငြင်းပယ်

0

လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းတောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

နယူးကာဆယ်အသင်းဟာ အန်တိုနီဂေါ်ဒွန်ရဲ့အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းနောက်ခံလူ ကွင်ဆက်ကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် လိုချင်နေတာကြောင့် လီဗာပူးလ်အသင်းဟာ ဒီအပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အန်တိုနီဂေါ်ဒွန်ကို နှစ်သက်ပေမယ့် နယူးကာဆယ်အသင်းရဲ့ကမ်းလှမ်းမှုဟာ သူတို့အတွက် မှန်ကန်တဲ့အပြောင်းအရွှေ့ဖြစ်မယ်လို့ ထင်မှတ်ထားခြင်းမရှိတာဖြစ်ပါတယ်။ ၂၀၂၃ ဇန်နဝါရီက ပေါင်(၄၅)သန်းနဲ့ အဲဗာတန်အသင်းကနေ နယူးကာဆယ်အသင်းထံပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဂေါ်ဒွန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး ဆလိုဗေးနီးယားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ လူစားဝင်အဖြစ် ပါဝင်ခဲ့တာပါ။

အန်တိုနီဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းအတွက်လိဂ်သွင်းဂိုး(၁၁)ဂိုးသွင်းယူပြီး ကလပ်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ခံလူ ကွင်ဆက်ကို အဆုံးရှုံးမခံချင်တာကြောင့် ဂေါ်ဒွန်အတွက် ဘယ်လိုကမ်းလှမ်းမှုမှ ပြုလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ကွင်ဆက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ပဏာမလူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ဆာလာ၊ဒါဝင်နူနက်ဇ်၊ဂတ်ပို၊ဂျိုတာနဲ့ ဒီယက်ဇ်တို့လို ကစားသမားတွေရှိတာကြောင့် နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အလျင်စလို ဆုံးဖြတ်သွားဖို့ မရှိတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *