ကိုပါအမေရိကပြိုင်ပွဲမှာ စည်းကြပ်ဒိုင်တစ်ဦး အပူချိန်ကြောင့် ကွင်းထဲလဲကျ

0

ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ် ပီရူး(ဝ-၁)ကနေဒါပွဲ ပထမပိုင်းအပြီး ထပ်ဆောင်းအချိန်ပိုမှာ စည်းကြပ်ဒိုင်လူကြီးတစ်ဦးဟာ ကွင်းထဲလဲကျပြီး ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ကွင်းထဲကို ဆေးအဖွဲ့အမြန်ဆုံးရောက်ရှိလာပြီး ဂွါတီမာလာစည်းကြပ်ဒိုင် ဟမ်ဘာတိုကို ထမ်းစင်နဲ့ ကွင်းအတွင်းကနေ သယ်ထုတ်သွားခဲ့ရပါတယ်။

ဟမ်ဘာတိုရဲ့အခြေအနေအပေါ် ကစားသမားတွေနဲ့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာသူဟာ ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပွဲကျင်းပတဲ့ ကန်ဆပ်မြို့ရဲ့အပူချိန်ဟာ (၉၃)ဒီဂရီဖာရင်ဟိုက်အထိ ရှိနိုင်တယ်လို့ AccuWeather က ဖော်ပြထားပါတယ်။ ဒုတိယပိုင်းပြန်စတင်ဖို့ ကစားသမားတွေ ဥမင်ထဲကထွက်လာချိန်မှာ စည်းကြပ်ဒိုင်လူကြီး ဟမ်ဘာတိုကို အစားထိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဥရုဂွေး (၃-၁) ပနားမား အုပ်စုအဖွင့်ပွဲစဉ်မှာ လူစားလဲခံခဲ့ရတဲ့ ဥရုဂွေးနောက်ခံလူ အာရူဟိုက သူဟာ မိုင်ယာမီမှာ အပူနဲ့ ရေဓါတ်ခန်းခြောက်မှုရဲ့သက်ရောက်မှုတွေကို ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ပီရူးနဲ့ ကနေဒါအသင်းတို့ပွဲစဉ်မှာ ကနေဒါအသင်းဟာ ဂျိုနသန်ဒေးဗစ်ရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ကသွင်းဂိုးဟာ ကနေဒါအသင်းအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ကနေဒါအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း(၂)ပွဲကစားအပြီးမှာ ရမှတ်(၃)မှတ်ရရှိထားပြီး ပီရူးအသင်းက (၂)ပွဲကစားအပြီးမှာ ရမှတ်(၁)မှတ်သာ ရရှိထားတာပါ။ အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် ကနေဒါအသင်းက ချီလီအသင်း၊ ပီရူးအသင်းက လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *