ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ် မတိုင်ခင် ဒဏ်ရာအခြေအနေကို ရှာကာ စကန်ဖတ်စစ်ဆေးမှုခံယူ

0

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ အင်္ဂလန်အသင်းနဲ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် သူ့ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုခံယူခဲ့ပါတယ်။

ရှာကာဟာ ကြွက်သားဒဏ်ရာခံစားနေရပြီး အီတလီအသင်းကို (ဝ-၂)ဂိုးနဲ့ ဆွစ်ဇာလန်အသင်းအနိုင်ရခဲ့တဲ့ Round of 16 ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ရှာကာဟာ အီတလီအသင်းနဲ့ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းအတွက် ပါဝင်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ရှာကာဟာ ဒီပွဲစဉ်မှာ ဒဏ်ရာနာကျင်မှုကိုထပ်မံခံစားခဲ့ရပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရ​ကနေ အချိန်မီသက်သာလာဖို့ မျှော်လင့်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန် ရှာကာက ပြောခဲ့တာကို Blick သတင်းမှာ ဖော်ပြထားတာပါ။

ရှာကာက”ကျွန်တော်ဟာ ကြာသပတေးနေ့က လေ့ကျင့်မှုကို လွဲခဲ့ပေမယ့် သောကြာနေ့က နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အားလုံးအဆင်ပြေသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားပြီး(၁၅)မိနစ်အကြာမှာ ဒဏ်ရာပြန်ခံစားခဲ့ရပါတယ်။ ဆရာဝန်တွေရဲ့ကုသမှုကြောင့် တစ်ပွဲလုံးကစားနိုင်ခဲ့ပေမယ့် စကန်ဖတ်စစ်ဆေးအပြီးမှာ ဒဏ်ရာအခြေအနေအတိအကျကိုသိရမယ်”လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ရှာကာက သူတို့ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ တတ်နိုင်သမျှအရာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပြီး အရင်ကထက် ပိုပြီးဆာလောင်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *