စံချိန်မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပြီး မှတ်တမ်းကောင်းတစ်ခု ရပ်တန့်ခဲ့ရတဲ့ စီရော်နယ်ဒို

0

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂျော်ဂျီယာအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့သလို၊ ဒီပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့် မှတ်တမ်းကောင်းတစ်ခုလည်း ရပ်တန့်သွားခဲ့ရပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ဒီပွဲအပါအဝင် ယူရိုပြိုင်ပွဲတွေမှာ ကစားနေတာ (၂၈)ပွဲအထိရှိနေပြီး သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၂၂)ပွဲကစားထားတာကြောင့် အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ စုစုပေါင်း ပွဲ(၅၀)ပြည့်ခဲ့ပါတယ်

ဒီလို အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပွဲ(၅၀)ပြည့်ကစားသူက ဥရောပအမျိုးသားဘောလုံးလောကမှာ တစ်ဦးတစ်ယောက်မှ မရှိဖူးဘဲ သူက ပထမဆုံးအနေနဲ့ ဒီမှတ်တမ်းကို ရယူပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဂျော်ဂျီယာအသင်းကိုအပါအဝင် ယူရို-၂၀၂၄ အုပ်စုပွဲ(၃)ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ခဲ့တာက သူ့ရဲ့မှတ်တမ်းကောင်းတစ်ခုကို ရပ်တန့်သွားစေပါတယ်။

စီရော်နယ်ဒိုဟာ ယူရို- ၂၀၀၄ ပြိုင်ပွဲကစပြီး အဓိကနိုင်ငံတကာပြိုင်ပွဲကြီး (၂)ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲတွေရဲ့အုပ်စုအဆင့်တွေမှာ ပြိုင်ပွဲတိုင်း ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီစံချိန်မှတ်တမ်းက အခု ပြိုင်ပွဲရောက်မှ ရပ်တန့်ခဲ့ရတာပါ။

ဒီအုပ်စုပွဲ(၃)ပွဲပေါင်းမှာ ပြိုင်ဘက်အသင်းဘက်ကို ဂိုးသွင်းနိုင်ဖို့ စီရော်နယ်ဒိုရဲ့ကြိုးပမ်းမှု(Attempred Shots)က (၁၂)ကြိမ်အထိရှိခဲ့ပြီး ဒါက ပြိုင်ပွဲဝင်ကစားသမားအားလုံးထဲမှာ အများဆုံးအရေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြိုးပမ်းမှုတိုင်းမှာ အရာမထင်ခဲ့ဘဲ တစ်ဂိုးတောင်မရခဲ့တာပါ။

စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲတွေရဲ့အုပ်စုအဆင့်တွေမှာ ပြိုင်ပွဲ(၁၀)ခုဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်း(၈)ဂိုး၊ ယူရိုပြိုင်ပွဲမှာ စုစုပေါင်း(၁၄)ဂိုး သွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *