ယူရို ပြိုင်ပွဲထက် ပရိသတ်အားပေးကြမ်းနေတဲ့ အမေရိကန်မှာ ကျင်းပတဲ့ ကိုပါအမေရိကပြိုင်ပွဲ

0

လက်ရှိ အမေရိကန်နိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲက ဥရောပတိုက်က ယူရို-၂၀၂၄ ပြိုင်ပွဲထက်တောင် ပရိသတ်အားပေးကြမ်းနေပါတယ်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ပရိသတ်အများဆုံးလာအားပေးခဲ့တဲ့ပွဲက နယူးဂျာစီပြည်နယ် MetLife ကွင်းမှာကစားခဲတဲ့ ချီလီ(ဝ-၁)အာဂျင်တီးနားပွဲဖြစ်ပြီး ပရိသတ်(၈၁၁၀၆)ဦး လာအားပေးခဲ့တာပါ။

ဒီပရိသတ်အရေအတွက်က ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် (ပွဲစဉ်တစ်ပွဲအတွင်း)ပရိသတ်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အရေအတွက်ထက်တောင် ပိုများနေပါတယ်။

ယူရိုပြိုင်ပွဲမှာ ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်ခဲ့တာက ယူရို-၁၉၆၄ ပြိုင်ပွဲတုန်းက မက်ဒရစ်မြို့ကဘာနေဗျူးကွင်းမှာကျင်းပခဲ့တဲ့ စပိန်(၂-၁)ဆိုဗီယက်ပွဲဖြစ်ပြီး ပရိသတ်(၇၉၁၁၅)ဦး လာရောက်ကြည့်ရှုခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နံနက်က ကစားခဲ့တဲ့ ချီလီ-အာဂျင်တီးနားပွဲက ဒီပွဲထက် ပရိသတ်(၂၀၀၀)နီးပါးလောက်တောင် ပိုများနေတာပါ။

လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်ထားတာကတော့ ပိုလန်-သြစတြီးယားပွဲဖြစ်ပြီး အိမ်ရှင်ဂျာမနီအသင်းရဲ့အိမ်နီးချင်း(၂)နိုင်ငံကစားတဲ့ဒီပွဲကို ပရိသတ်(၆၉၄၅၅)ဦး လာအားပေးခဲ့တာပါ။

ဒီပွဲနဲ့ ယှဉ်ရင်လည်း ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲက ပရိသတ်အများဆုံးဖြစ်တဲ့ ချီလီ-အာဂျင်တီးနားပွဲက ပရိသတ်(၁၁၀၀၀)ကျော် အထိ ပိုများနေပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်ခဲ့တာက အမေရိကန်နိုင်ငံမှာပဲ ကျင်းပခဲ့တဲ့ ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲက မက္ကဆီကို-ဂျမေကာပွဲမှာဖြစ်ပြီး ကာလီဖိုးနီးယားက Rose Bowl ကွင်းအတွင်း ပရိသတ်(၈၃၂၆၃)ဦး လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *