သေမင်းတမန်အုပ်စုမှာ (၃)ပွဲလုံးနိုင်တဲ့ စပိန်နဲ့ အုပ်စုရာနှုန်းပြည့်အနိုင်ရအသင်းတွေရဲ့ ချန်ပီယံ ဖြစ်ခွင့်

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကစားခဲ့တဲ့အုပ်စုပွဲ(၃)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရတဲ့အသင်းက တစ်သင်းသာရှိပြီး စပိန်အသင်းဖြစ်ပါတယ်။

စပိန်အသင်းအနေနဲ့ ဒီ(၃)ပွဲစလုံးမှာ ပေးဂိုးတစ်ဂိုးမှတောင်မရှိခဲ့ဘဲ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပထမဆုံး အုပ်စုအဆင့်ပေးဂိုးမရှိတာဖြစ်သလို၊ ဒီ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ပေးဂိုးမရှိတာက စပိန်တစ်သင်းတည်းသာ ရှိခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာလည်း အင်္ဂလန်အသင်းရဲ့နောက် ဒုတိယနေရာကို ရောက်လာတဲ့ စပိန်အသင်းအနေနဲ့ ချန်ပီယံဆုအတွက် ဘယ်လောက်အထိ အခြေအနေကောင်းနိုင်သလဲဆိုတာကို အရင် အုပ်စုပွဲရာနှုန်းပြည့်နိုင်ခဲ့တဲ့အသင်းတွေရဲ့ချန်ပီယံဖြစ်နိုင်ခြေကို ပြန်လေ့လာကြည့်ခဲ့ပါတယ်။

၂၁ ရာစုခေတ် ယူရိုပြိုင်ပွဲတွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ယူရို-၂၀၀၀ ကစပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂၀ အထိ ပြိုင်ပွဲ(၆)ကြိမ်မှာ စပိန်အသင်းလို အုပ်စုပွဲတွေကို ရာနှုန်းပြည့်နိုင်ခဲ့တဲ့အသင်း(၁၁)သင်းရှိခဲ့တာကို တွေ့ရပါတယ်။

ဒီ(၁၁)သင်းထဲမှာ ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့တာက ယူရို-၂၀၀၈ ပြိုင်ပွဲက စပိန်အသင်းနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲက အီတလီအသင်းတို့သာ ရှိပါတယ်။

ယူရို-၂၀၀၀ ပြိုင်ပွဲမှာဆို အုပ်စု(၃)ပွဲလုံးအနိုင်ရတာ (၃)သင်း(ပေါ်တူဂီ၊ အီတလီ၊ နယ်သာလန်)အထိ ရှိခဲ့ပေမယ့် (၃)သင်းစလုံး ချန်ပီယံမဖြစ်ခဲ့တာကို အောက်ပါအတိုင်းတွေ့ရမှာပါ။ ဒါကြောင့် အုပ်စုပွဲ(၃)ပွဲစလုံး နိုင်ပွဲရတာက ချန်ပီယံဖြစ်ဖို့အတွက် အာမခံချက်မရှိဘဲ ယူရိုပြိုင်ပွဲမှာ ပွဲအားလုံးရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အသင်းအရေအတွက်ကလည်း အလွန်နည်းတယ်ဆိုတာကို တွေ့ရမှာပါ။

အုပ်စုအဆင့်မှာ အသင်းငယ်တွေနဲ့ ရင်ဆိုင်ရမှာ ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ပေမယ့် နောက်အဆင့်တွေမှာတော့ အသင်းကြီးတွေနဲ့ရင်ဆိုင်ရမှာ ကျော်ဖြတ်ဖို့ ခက်ခဲတာကလည်း အဓိကကျတဲ့အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံအီတလီ၊ ခရိုအေးရှားတို့လို အသင်းကြီးတွေနဲ့ တစ်အုပ်စုတည်းကျပြီး Group of Death လို့ သတ်မှတ်ခံရတဲ့အုပ်စုမှာ ရာနှုန်းပြည့်နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် စပိန်အသင်းအနေနဲ့ တစ်စုံတရာမှတ်ကျောက်တင်ခံနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။

လာမင်းယာမားလ်၊ ပက်ဒရီ၊ ဝီလီယံစ်၊ ဖာမင်လိုပက်ဇ်တို့လို လူငယ်ကစားသမားတွေ၊ မိုရာတာ၊ ရိုဒရီ၊ ဖေဘီယန်ရုဇ်၊ နာဗက်ဇ်၊ လာပေါ့တ်တို့လို အတွေ့အကြုံရင့်သူတွေ ပေါင်းစပ်ထားတဲ့ စပိန်အသင်းအနေနဲ့ ယူရို(၂၀၀၈)တုန်းက စွမ်းဆောင်မှုမျိုးကို ပြန်လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

အုပ်စုပွဲ(၃)ပွဲလုံးရာနှုန်းပြည့်နိုင်ခဲ့ကြတဲ့
အသင်းတွေရဲ့အမြင့်ဆုံးရောက်ရှိမှု
(ယူရို ၂၀၂၀ မှစ၍)

■ ပေါ်တူဂီ (ယူရို ၂၀၀၀) – ဆီမီးဖိုင်နယ်
■ အီတလီ (ယူရို ၂၀၀၀) – ဗိုလ်လုပွဲ
■ နယ်သာလန် (ယူရို ၂၀၀၀) – ဆီမီးဖိုင်နယ်
■ ချက် (ယူရို ၂၀၀၄) – ဆီမီးဖိုင်နယ်
■ ခရိုအေးရှား (ယူရို ၂၀၀၈) – ကွာတားဖိုင်နယ်
■ နယ်သာလန် (ယူရို ၂၀၀၈) – ကွာတားဖိုင်နယ်
■ စပိန် (ယူရို ၂၀၀၈) – ချန်ပီယံ
■ ဂျာမနီ (ယူရို ၂၀၁၂) – ကွာတားဖိုင်နယ်
■ နယ်သာလန် (ယူရို ၂၀၂၀) – ရှုံးထွက်(၁၆)သင်းအဆင့်
■ ဘယ်လ်ဂျီယံ (ယူရို ၂၀၂၀) – ကွာတားဖိုင်နယ်
■ အီတလီ (ယူရို ၂၀၂၀) – ချန်ပီယံ

Leave a Reply

Your email address will not be published. Required fields are marked *