ဇွန်လ ၂၁ ရက် နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲများ

ဆလိုဗက်ကီးယား – ယူကရိန်း
(21 June 2024 / 7:30 pm)

ပိုလန်- သြစတြီးယား
(21 June 2024 / 10:30 pm)

နယ်သာလန် – ပြင်သစ်
(22 June 2024 / 1:30 am)

ဆလိုဗက်ကီးယား – ယူကရိန်း

(ယူရို-၂၀၂၄ အုပ်စုပွဲ)

အုပ်စုအဖွင့်ပွဲမှာ ဘယ်လ်ဂျီယံကို (၁-ဝ)ဂိုးနဲ့ အနိုင်ကစားခဲ့တဲ့ ဆလိုဗက်ကီးယားက အများရဲ့အံအားသင့်လေးစားမှုကို ရထားတယ်။ ဘယ်လ်ဂျီယံအသင်းသွင်းတဲ့ဂိုးတွေကို VAR က စာအုပ်ကြီးအတိုင်း တိတိကျကျလုပ်ပြီး ပယ်ချခဲ့တာ၊ ဆလိုဗက်ကီးယားဂိုးသမား ဒူဘရေကာ လက်စွမ်းပြခဲ့တာတွေကြောင့် နိုင်ပွဲရခဲ့တာလို့ ပြောလို့ရပေမယ့် ဒီအသင်းက ဒီဘက်နောက်ပိုင်းပွဲတွေမှာ သိသိသာသာတိုးတက်လာတာတော့ ငြင်းမရဘူး။

အီတလီနည်းပြ ကယ်လ်ဇိုနာအကြိုက် 4-3-3 ကစားကွက်မှာ ဟာရာဆလင်၊ ဘော့ဇီနစ်၊ ရှရန်ဇ်တို့ (၃)ယောက်တွဲတိုက်စစ်က ပြိုင်ဘက်တွေကို အတော်လေးဒုက္ခပေးနိုင်ပြီး တစ်ဦးမဟုတ်တစ်ဦးက ဂိုးရအောင်သွင်းနိုင်တယ်။ ကွင်းလယ်တောင်ပံတွေက ဒူဒါနဲ့ ကက်ကာတို့ကလည်း တိုက်စစ်ကို ကောင်းကောင်းဖြည့်ကစားနိုင်တဲ့အပြင် ဂိုးသွင်းခြေရှိသူတွေဖြစ်တာကြောင့် ဒီအသင်းက အခုနှစ်ပိုင်းပွဲတွေမှာ ဂိုးမြူးတာကို တွေ့နေရတယ်။

ယူကရိန်းက ဆလိုဗက်ကီးယားထက်စာရင် နာမည်ကြီးကစားသမားအတော်များများကို ပိုင်ဆိုင်ထားပြီး မူဒရစ်၊ ဇင်ချန်ကို၊ ဇဘာညီ၊ မိုင်ကိုလန်ကို အစရှိတဲ့ ဥရောပထိပ်တန်းလိဂ်အတွေ့အကြုံရှိ ကစားသမားတွေရှိပေမယ့် ဒီပြိုင်ပွဲမှာ နည်းနည်း အားနည်းနေတာကို တွေ့ရတယ်။ ပြိုင်ပွဲမတိုင်ခင်ခြေစမ်းပွဲမှာ ပိုလန်ကို (၃)ဂိုးပေးပြီး ရှုံးခဲ့ရသလို၊ အဖွင့်ပွဲမှာလည်း ရိုမေးနီးယားကို (ဝ-၃)ဂိုးနဲ့ ရှုံးခဲ့ရတယ်။

ဒီပွဲမှာ ယူကရိန်းအသင်းကို နည်းပြရီဘရော့ဗ်အနေနဲ့ အပြောင်းအလဲတွေလုပ်ပြီးကစားနိုင်တယ်။ ဒီနှစ်သင်း ခြေစွမ်းသိပ်မကွာပေမယ့် လတ်တလော အသင်းလိုက်ကစားပုံကောင်းကောင်းနဲ့ Form မိနေတာ ဆလိုဗက်ကီးယားဆိုတော့ ဆလိုဗက်ကီးယားဘက်က နည်းနည်းအရဲစွန့်နေမယ်ဆို နေလို့ရနိုင်တယ်။ ဆလိုဗက်ကီးယား(၂-၁)အနိုင်လို ရလဒ်မျိုးတွေ့ရနိုင်တယ်လို့ မျှော်လင့်မိတယ်။

ပိုလန်- သြစတြီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပိုလန်က ပွဲဦးမှာ နယ်သာလန်အသင်းကို (၁-၂)ဂိုးနဲ့ ရှုံးခဲ့ပေမယ့် မာကြောတဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်။ ပိုလန်နောက်တန်းက ထိုးဖောက်ရခက်ခဲပြီး လူစားဝင်ကစားသမား ဝက်စ်ဟောက်စ်ရဲ့ဂိုးကြောင့်သာ နယ်သာလန်အနိုင်ရခဲ့တာဖြစ်တယ်။ အဲဒီပွဲမှာ ပိုလန်အတွက် အဓိက တိုက်စစ်မှူးလီဝန်ဒေါစကီးမပါနိုင်ခဲ့ပေမယ့် ဒီပွဲမတိုင်မီ လေ့ကျင့်ခန်းအပြည့်ဆင်းနေတာကို တွေ့ရလို့ ပွဲထွက်အနေနဲ့ ပြန်ပါလာဖို့များတယ်။

သြစတြီးယားကလည်း ဂျာမန်လူမျိုးနည်းပြ ရန်းနစ်ခ်ရဲ့ လက်ထဲမှာ တိုးတက်ရိပ်ပြနေတဲ့အသင်းဖြစ်ပြီး အဖွင့်ပွဲမှာ ပြင်သစ်ကို (ဝ-၁)ဂိုးနဲ့ ရှုံးခဲ့ပေမယ့် ဘာပေတို့အုပ်စုကို အတော်လေးအခက်တွေ့အောင် ကစားနိုင်ခဲ့တယ်။ နောက်ခံလူဝိုဘာရဲ့Own Goal ကြောင့်သာ ပြင်သစ်ဆီက (၁)မှတ်မရခဲ့တာဖြစ်တယ်။

နှစ်သင်းစလုံးက အမှတ်မရသေးတော့ ဒီပြိုင်ပွဲမှာ ဆက်လက်ရှင်သန်ခွင့်အတွက် ဒီပွဲက အတော်အရေးကြီးနေတယ်။ လီဝန်ဒေါစကီးပြန်ပါလာတဲ့ ပိုလန်က ပိုမိုအားကောင်းလာတာကြောင့် နိုင်ဖို့ပိုအခွင့်အလမ်းသာနိုင်ပေမယ့် သြစတြီးယားရဲ့ခံကန်အားကလည်း ကောင်းတာကြောင့် သရေရလဒ်ကို တွေ့ရမယ်လို့ ထင်နေမိတယ်။ ဂိုးမများဘဲ (၁-၁)လောက်နဲ့ ပြီးမယ်ထင်တယ်။

နယ်သာလန် – ပြင်သစ်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

နယ်သာလန်ရော၊ ပြင်သစ်ပါ ပွဲဦးမှာ ရမှတ်ပြည့်ရခဲ့ကြပေမယ့် ကစားပုံတွေကတော့ အားရစရာမရှိသေးဘူး။ ဒါပေမယ့် အသင်းကြီးတွေရဲ့ထုံးစံအတိုင်းတစ်ပွဲပြီးတစ်ပွဲပိုကောင်းလာတာမျိုးကိုလည်း မြင်တွေ့ရနိုင်တယ်။ နယ်သာလန်မှာက ကြံ့ခိုင်မှုမပြည့်လို့ လူငယ်တိုက်စစ်မှူးဘရော့ဘီမပါတာက ပြဿနာမရှိနိုင်ပေမယ့် ပြင်သစ်မှာက နှာခေါင်းရိုးကျိုးတဲ့ ဘာပေမပါတာကတော့ အသင်းကို အပြောင်းအလဲအတော်ဖြစ်စေလိမ့်မယ်။ ဘာပေရဲ့အထောင်တိုက်စစ်နေရာကို သူရမ်ဝင်ပြီး ဘယ်တောင်ပံတိုက်စစ်ကို လူငယ်ကစားသမား ဘာကိုလာ ဝင်ကစားခွင့်ရနိုင်တယ်။

ပြင်သစ်အသင်းအတွက် ခံသာတာတစ်ခုက အသင်းမှာ ဂရီးဇ်မန်း၊ ဒမ်ဘီလီတို့လို တိုက်စစ်ကစားသမားတွေရှိနေတာကြောင့် သိပ်ပြီး စိုးရိမ်နေစရာတော့မရှိဘူး။ လောလောဆယ် အင်္ဂလန်၊ ပြင်သစ်အစရှိတဲ့အသင်းတွေက တစ်ဦးချင်းထူးချွန်တဲ့ကစားသမားတွေ ပေါများနေပါလျက်နဲ့ ကစားပုံမကောင်းတာကြောင့် နည်းပြတွေလည်း ဖိအားများနေတယ်။ ကစားသမားတွေသာ အတွဲမိပြီး ကစားကွက်နဲ့အံဝင်မယ်ဆိုရင် ဒီနှစ်သင်းက ဒီပြိုင်ပွဲမှာ ကြောက်စရာအကောင်းဆုံးပဲ။

နယ်သာလန်ကတော့ တစ်ကျော့ပြန်နည်းပြကိုးမန်းလက်ထဲမှာ ပုံစံကောင်းပြန်ရနေပြီး တိုက်စစ်ကစားသမားတွေကလည်း ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်တာတွေ့ရတယ်။ ဒါပေမယ့် ဒီအသင်းနှစ်သင်းယှဉ်ရင် ပြင်သစ်က ဘာပေမပါသည့်တိုင် နယ်သာလန်အတွက် ခက်ခဲမယ့်အသင်းအဖြစ် ရှိနေပါသေးတယ်။ ခြေစစ်ပွဲတွေတုန်းက ဒီနှစ်သင်း တစ်အုပ်စုတည်းကျခဲ့ပြီး ပြင်သစ်က အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့စလုံးအနိုင်ယူပြီး နှစ်ကျော့ပေါင်း (၆-၁)နဲ့ နိုင်ခဲ့တာလည်း မမေ့သင့်ဘူး။ ဒါကြောင့် ပြင်သစ်ကိုပဲ ရွေးချယ်ကြည့်ချင်တယ်။ ပြင်သစ်(၂-၁)(၃-၂)လိုရလဒ်မျိုးထွက်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *