တန်ဟတ်ကို ဆက်လက်ထားရှိပြီးနောက် သူနဲ့အဆင်မပြေတဲ့ ရပ်ရှ်ဖိုဒ့်ကိုရောင်းဖို့ မန်ယူစီစဉ်

0

မန်ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်အတွက် ကမ်းလှမ်းမှုတွေကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ နားထောင်သွားဖို့ဆန္ဒရှိနေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နည်းပြအဲရစ်တန်ဟတ်ကို ဆက်ရှိစေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရပ်ရှ်ဖိုဒ့်ရဲ့အခြေအနေအတွက် သက်ရောက်မှုတွေရှိခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ၂၀၂၈ မှာစာချုပ်ကုန်ဆုံးမယ့် ရပ်ရှ်ဖိုဒ့်ကို ရောင်းချဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖိုဒ့်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကျဆင်းခဲ့တာကြောင့် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချရမယ့်အပေါ် လက်ခံထားတာပါ။ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းအတွက် (၄၃)ပွဲပါဝင်ကစားခဲ့ပေမယ့် (၈)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ရပ်ရှ်ဖိုဒ့်ဟာ ကွင်းအတွင်းမှာ ခြေစွမ်းပြသနိုင်ဖို့ခက်ခဲခဲ့သလို ကွင်းပြင်ပမှာပြုလုပ်ခဲ့တဲ့ သူ့ရဲ့အပြုအမူတွေဟာ မန်ယူနိုက်တက်အသင်းရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ နိုက်ကလပ်မှာ ညလုံးပေါက်အချိန်ဖြုန်းခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်နဲ့ သူ့ရဲ့အကြားမှာ အဆင်မပြေမှုတွေရှိခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ ရပ်ရှ်ဖိုဒ့်ရဲ့လုပ်ရပ်ကြောင့် စိတ်ပျက်နေပေမယ့် သူ့မှာရွေးချယ်စရာမရှိတဲ့အတွက် ရပ်ရှ်ဖိုဒ့်ကိုသာ ဆက်ပြီးအသုံးပြုခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ လုံးဝပျက်ပြယ်သွားပြီလို့ သိရပါတယ်။ PSG အသင်းဟာ ထွက်ခွာသွားတဲ့ တိုက်စစ်ကစားသမား ဘာပေရဲ့နေရာမှာ အစားထိုးဖို့အတွက် ရပ်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူကတော့ မန်ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထားတာပါ။ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပိုင်းကျဆင်းမှုကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *