ဗန်ဒယ်ဘိခ်ကို ဝယ်ယူချိန်ကထက် အဆ(၈၀)လျော့နည်းပြီး မန်ယူနိုက်တက်ရောင်းချဖို့ သဘောတူ

0

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို အိုင်းယက်စ်အသင်းကနေ ဝယ်ယူချိန်ကထက် အဆ(၈၀)လျော့နည်းပြီး အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။

အိုင်းယက်စ်အသင်းနဲ့အတူ ၂၀၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ ဗန်ဒယ်ဘိခ်ဟာ ၂၀၂၀ က ပေါင်(၃၅)သန်းနဲ့ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

ဗန်ဒယ်ဘိခ်ဟာ မန်ယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ (၄)ရာသီအတွင်းမှာ (၆၂)ပွဲသာ ကစားခွင့်ရခဲ့ပြီး အဲဗာတန်နဲ့ ဖရန့်ဖတ်အသင်းတွေမှာလည်း အငှားနဲ့ သွားရောက်ကစားခဲ့သေးတာဖြစ်ပါတယ်။ စပိန်သတင်းစာ Relevo က ဗန်ဒယ်ဘိခ်ဟာ ဂျီရိုနာအသင်းထံ ပေါင်(၄၂၃,၀၀၀)နဲ့ ပြောင်းရွှေ့မယ်လို့ ဖော်ပြခဲ့ပြီး ဒီပြောင်းရွှေ့ကြေးဟာ မန်ယူနိုက်တက်အသင်းက သူ့ကို အိုင်းယက်စ်အသင်းကနေ ဝယ်ယူခဲ့ချိန်ကပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေးထက် အဆ(၈၀)လျော့နည်းတဲ့ ပမာဏပါ။

မန်ယူနိုက်တက်အသင်းပရိသတ်တွေကတော့ ဗန်ဒယ်ဘိခ်ကို ရောင်းချတဲ့ ပြောင်းရွှေ့ကြေးအပေါ် အံ့အားသင့်နေပြီး ကလပ်အသင်းကို သူတို့ရဲ့ဆိုရှယ်မီဒီယာတွေကနေ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒယ်ဘိခ်အတွက်တော့ ဂျီရိုနာအသင်းထံ ပြောင်းရွှေ့မယ့် အပြောင်းအရွှေ့ဟာ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ကစားသမားဘ၀ကို ပြန်လည်တည်ဆောက်နိုင်ဖို့ အခွင့်အရေးကောင်းဖြစ်လာနိုင်တာပါ။

ဂျီရိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့်(၃)နေရာရပ်တည်ခဲ့ပြီး ရာသီသစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။ အဲ့ဒါကြောင့် ဗန်ဒယ်ဘိခ်ဟာ ဂျီရိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ပြီး အိုင်းယက်စ်အသင်းကစားချိန်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပြန်မြင်တွေ့ရဖို့ ရှိမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *