ကွာတားဖိုင်နယ်မှာ နည်းဗျူဟာအပြောင်းအလဲနဲ့ တွေ့ရနိုင်တဲ့ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်း

0

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ နည်းဗျူဟာပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

နည်းပြဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကစားထားတဲ့ပွဲစဉ်(၄)ပွဲစလုံးကို (၄-၂-၃-၁)ကစားကွက်အသုံးပြုခဲ့ပေမယ့် ဗဟိုခံစစ်ကစားသမား(၃)ဦးနဲ့ လေ့ကျင့်နေတဲ့ အချက်က လာမယ့်ပွဲမှာ အပြောင်းအလဲပြုလုပ်ဖို့ကို ညွှန်ပြနေတာပါ။

ဆလိုဗက်ကီးယားအသင်းကို အနိုင်ရခဲ့တဲ့ Round of 16 ပွဲစဉ်ရဲ့အချိန်ပိုအတွင်းမှာ အင်္ဂလန်အသင်းဟာ (၃-၅-၂)ကစားကွက်ပုံစံကို ပြောင်းလဲအသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒီလိုမျိုးအလားတူချဉ်းကပ်မှုကို ကြည့်ရှုခဲ့တာပါ။ အဲ့ဒါကြောင့် အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ (၃-၅-၂)ကစားကွက်ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အင်္ဂလန်အသင်းဟာ ဗဟိုခံစစ်ကစားသမား(၃)ဦးနဲ့ ပွဲထွက်လာမယ်ဆိုရင် ဂူဟီပွဲပယ်ခံထားရတာကြောင့် ဂျွန်စတုန်းစ်၊ဝေါလ်ကာနဲ့ ကွန်ဆာတို့ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းကလည်း ဗဟိုခံစစ်ကစားသမား(၃)ဦးနဲ့ ပွဲတွေကို ယှဉ်ပြိုင်နေတာပါ။ ဗဟိုခံစစ်ကစားသမား(၃)ဦးအသုံးပြုတာဟာ ဆောက်ဂိတ်နှစ်သက်တဲ့ ကစားကွက်ဖြစ်ပြီး ဒီကစားကွက်နဲ့ပဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းစတုတ္ထရရှိခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နောက်တန်း(၃)ဦးကနေ (၄)ဦးအသုံးပြုတဲ့ ကစားကွက်ကို ပြောင်းလဲခဲ့တာပါ။ ဆောက်ဂိတ်အနေနဲ့ ကစားကွက်သာပြောင်းလဲအသုံးပြုမယ်ဆိုရင် ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *