ယူရို-၂၀၂၄ မှာတစ်ပွဲပဲ နိုင်ခဲ့ပေမယ့် သူရဲကောင်းတွေလို ကြိုဆိုခံရတဲ့ ဂျော်ဂျီယာအသင်း

0

ယူရို- ၂၀၂၄ ပြိုင်ပွဲရဲ့ Round of 16 အဆင့်မှာ စပိန်အသင်းကို (၁-၄)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကထွက်ကာ အိမ်ပြန်လာကြတဲ့ ဂျော်ဂျီယာအသင်းကို ဂျော်ဂျီယာနိုင်ငံ၊ တဘီလီစီမြို့မှာ ပရိသတ်တွေက အောင်ပွဲရသူရဲကောင်းတွေလို တခမ်းတနားကြိုဆိုခဲ့ကြပါတယ်။

ဥရောပမီဒီယာတွေမှာ ဖော်ပြထားတဲ့ပုံတွေ၊ ဗီဒီယိုတွေမှာတော့ ချန်ပီယံအသင်းတွေအောင်ပွဲခံသလို ဂျော်ဂျီယာအသင်းသားတွေက အမိုးဖွင့်ကားနဲ့အတူ မြို့ထဲပတ်ခဲ့ကြပြီး တဘီလီစီမြို့က နာမည်ကျော်ရင်ပြင်တစ်ခုဖြစ်တဲ့ Central Square မှာ ထောင်ပေါင်းများစွာသောပရိသတ်တွေနဲ့ ကစားသမားတွေ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

ဒီပြိုင်ပွဲမှာ ဂျော်ဂျီယာအသင်းအနေနဲ့ (၄)ပွဲကစားခဲ့ရာမှာ (၁)ပွဲသာနိုင်ပြီး (၁)ပွဲသရေကျကာ (၂)ပွဲရှုံးနိမ့်ခဲ့တာပါ။

ဒါပေမယ့် အနိုင်ရတဲ့ပွဲက ယူရိုချန်ပီယံဟောင်းနာမည်ကြီး ပေါ်တူဂီအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်သလို၊ ကျန်ပွဲတွေမှာလည်း အနိုင်မရပေမယ့် ခြေစွမ်းကောင်းကောင်း၊ စိတ်ဓါတ်ကောင်းကောင်းနဲ့ ကြိုးစားကစားခဲ့ကြလို့ ပရိသတ်တွေက အခုလို သူရဲကောင်းတွေလို ဂုဏ်ပြုကြိုဆိုခဲ့တာပါ။

ဂျော်ဂျီယာအသင်း အိမ်အပြန်လမ်းကို ကြိုဆိုနေကြတဲ့ ပရိသတ်များ

Central Square မှာ စင်မြင့်ပေါ်က ဂျော်ဂျီယာအသင်းသားတွေနဲ့အတူ ပရိသတ်တွေက သီချင်းတွေသီဆိုကခုန်ခဲ့ကြပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့အတွက် အလွန်ဂုဏ်ယူကြောင်း ပရိသတ်တွေက မီဒီယာတွေကို ပြောခဲ့ကြပါတယ်။

ဂျော်ဂျီယာအသင်းဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံးယှဉ်ပြိုင်မှုအနေနဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၂၄)သင်းအနက် ကမ္ဘာ့အဆင့်အနိမ့်ဆုံးအသင်း(အဆင့် ၇၅)လည်း ဖြစ်ပါတယ်။

အုပ်စုပထမပွဲမှာ တူရကီကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာကတည်းက ဂျော်ဂျီယာအသင်းဟာ သူတို့မှာ အဆိပ်ရှိကြောင်း ပြသနိုင်ခဲ့သလို၊ ဒုတိယပွဲမှာလည်း ချက်ကို (၁-၁)ဂိုးနဲ့သရေကစားခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာတော့ ရော်နယ်လ်ဒိုပါဝင်ကစားတဲ့ ပေါ်တူဂီအသင်းကို အံအားသင့်ဖွယ်(၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *