ယူရို-၂၀၂၄ ပြိုင်ပွဲ လက်ကျန်ပွဲစဉ်တွေကို ပက်ဒရီ လွဲချော်မယ်လို့ စပိန်အတည်ပြု

0

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဘာစီလိုနာကွင်းလယ်လူပက်ဒရီဟာ စပိန်အသင်းရဲ့ဆီမီးဖိုင်နယ်ပွဲကို လွဲချော်မယ့်အပြင် ဗိုလ်လုပွဲတက်ရင်လည်း ကစားနိုင်မှာ မဟုတ်ဘူးလို့ စပိန်အသင်းတာဝန်ရှိသူ​တွေက အတည်ပြုခဲ့ပါတယ်။

ပက်ဒရီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈)မိနစ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်နဲ့ ပြင်းထန်စွာထိခိုက်မိပြီးနောက် ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် ကွင်းလယ်တောင်ပံကစားသမား အော်လ်မိုနဲ့ လူစားလဲခံခဲ့ရသူပါ။

ပက်ဒရီဟာ ဒဏ်ရာကြောင့် ကွင်းအတွင်းဆေးကုသမှုခံယူပြီး ပြန်ကစားဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေတော့တဲ့အတွက် စပိန်အသင်းနည်းပြက သူ့ကိုလူစားလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လူစားလဲချိန်မှာ ငိုကြွေးပြီး ကွင်းထဲက ထွက်ခွာခဲ့တဲ့ ပက်ဒရီဟာ ဘယ်ဘက်ဒူးဒဏ်ရာရရှိသွားခဲ့တယ်လို့ စပိန်အသင်းက အတည်ပြုခဲ့ပါတယ်။ ပက်ဒရီဟာ ဒဏ်ရာအခြေအနေအတိအကျကို သိရဖို့အတွက် စမ်းသပ်မှုတွေခံယူရမှာဖြစ်ပေမယ့် စပိန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲလက်ကျန်ပွဲတွေကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

ပက်ဒရီဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းအတွက် (၃၄)ပွဲသာ ပါဝင်ကစားနိုင်ခဲ့သူပါ။ ဒါပေမယ့် ပက်ဒရီဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကလွဲပြီး စပိန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲ ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ စပိန်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင်ကတည်းက ပက်ဒရီရဲ့ဘာစီလိုနာအသင်းဖော် ဂါဗီကို ဒဏ်ရာကြောင့်
ရွေးချယ်မှု ဆုံးရှုံးခဲ့ရတာပါ။

စပိန်အသင်းဟာ ပက်ဒရီကို ဒဏ်ရာကြောင့် လက်လွှတ်ရမှာဖြစ်ပေမယ့် သူ့နေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ အော်လ်မိုဟာ ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ (၁)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးပြီး ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု(MOTM)ကို ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *