၇.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဆာလာကို စာချုပ်သစ်ချုပ်ဆိုချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး ဇာခ့်ဇီနဲ့ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဇာခ့်ဇီရဲ့စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်(၃၄)သန်းပေးချေဖို့နဲ့ ပတ်သက်ပြီး ဘိုလော့ဂ်နာအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ နာပိုလီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ပိုလန်လက်ရွေးစင်ကွင်းလယ်လူ ဇီလင်စကီးဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၈ အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဇီလင်စကီးဟာ အင်တာမီလန်အသင်းသမိုင်းမှာ ပထမဆုံးပိုလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

■ နယူးကာဆယ်အသင်းတောင်ပံကစားသမား အယ်လ်မီရွန်ဟာ သူ့အနာဂတ်အတွက် ကိုယ်စားလှယ်ဖြစ်သူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ အယ်မီရွန်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ချိတ်ဆက်နေပြီး နယူးကာဆယ်အသင်းကလည်း သူ့ကို ရောင်းချချင်နေတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ စပိန်ကွင်းလယ်လူဟောင်း သီယာဂိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ သီယာဂိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊လီဗာပူးလ်အသင်းတို့မှာ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုအများအပြားရရှိခဲ့တာဖြစ်ပါတယ်။

■ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီက အက်စတွန်ဗီလာအသင်းကနေ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ အေးဂျင့်က ပြောခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အီမီမာတီနက်ဇ်ထက် အိုနာနာကိုသာ ခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *