ပြင်သစ်ကို အနိုင်ရတဲ့ပွဲအပြီး အောင်ပွဲခံနေချိန် လုံခြုံရေးဝန်ထမ်းကြောင့် မိုရာတာ ဒဏ်ရာရရှိ

0

မနေ့က စပိန်(၂-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ စပိန်အသင်းသားတွေဟာ ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံချိန် အသင်းခေါင်းဆောင် မိုရာတာဟာ လုံခြုံရေးဝန်ထမ်းတစ်ဦးကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဆိုပါလုံခြုံရေးဝန်ထမ်းဟာ ကွင်းထဲကိုဝင်ရောက်လာတဲ့ ပရိသတ်ကို ဖမ်းဖို့ကြိုးစားခဲ့ရာမှာ ချော်လဲပြီး မိုရာတာရဲ့ဒူးကို ထိခိုက်မိသွားတာပါ။

မိုရာတာဟာ ထိခိုက်မှုကြောင့် အလွန်နာကျင်သွားခဲ့ပြီး ကွင်းထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ စပိန်အသင်းကတော့ မိုရာတာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေပေမယ့် သူ့ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ရာမှာဖြစ်တဲ့အတွက် ရလဒ်ကို စိုးရိမ်စွာနဲ့ စောင့်ဆိုင်းရတော့မှာပါ။ မိုရာတာဟာ ဒီပွဲစဉ်မှာ စပိန်အသင်းအတွက် ပွဲချိန်(၇၆)မိနစ်အထိကစားခဲ့ပြီး အိုယာဇာဘဲလ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

မိုရာတာဟာ မကြာသေးခင်ကမှ သူ့အပေါ် အဓိပ္ပါယ်မရှိတဲ့ ဝေဖန်မှုတွေကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ စပိန်အသင်းကနေ အနားယူဖွယ်ရှိတယ်လို့ ပြောထားတာပါ။ စပိန်မှာ ဘယ်သူ့ကမှ သူ့ကို လေးစားမှုမရှိဘဲ စပိန်ပြည်ပမှာဆိုရင် အားလုံးကသူ့ကို လေးစားကြတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

မိုရာတာဟာ ဒီလိုပြောအပြီးမှာ ဒဏ်ရာနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ၂၀၁၄ မှာ စပိန်အသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ မိုရာတာဟာ နိုင်ငံအသင်းအတွက်(၇၉)ပွဲကစားထားပြီး (၃၆)ဂိုးသွင်းယူထားတာပါ။

ယူရိုချန်ပီယံဆုကို (၄)ကြိမ်မြောက်ရရှိဖို့ ပစ်မှတ်ထားနေတဲ့ စပိန်အသင်းဟာ အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *