ရိုစင်ဘော့နဲ့ပွဲမှာ ဒဏ်ရာပြင်းထန်စွာရရှိမယ့် အခြေအနေကနေ ကတ်စမဲရိုး လွတ်မြောက်

0

မနေ့က ရိုစင်ဘော့(၁-ဝ)မန်ယူနိုက်တက်ခြေစမ်းပွဲစဉ်မှာ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရိုစင်ဘော့နောက်ခံလူတိုမက်စ်ရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကိုခံရပေမယ့် ဒဏ်ရာပြင်းထန်စွာရရှိမယ့် အခြေအနေကနေ ကံကောင်းပြီး လွတ်မြောက်ခဲ့ပါတယ်။

ခြေစမ်းပွဲရဲ့ပွဲချိန်(၁၈)မိနစ်မှာ တိုမက်စ်ဟာ ဘောလုံးကိုထိန်းသိမ်းတာ ဆုံးရှုံးပြီးနောက် ကက်စီမဲရိုးရဲ့ဒူးကို ပြင်းထန်စွာဖျက်ထုတ်မိသလိုဖြစ်ခဲ့တာပါ။

ကက်စီမဲရိုးဟာ ဒီဖျက်ထုတ်မှုကြောင့် ကွင်းအတွင်းမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာမရတဲ့အတွက် ပွဲကိုဆက်ကစားခဲ့သလို ရိုစင်ဘော့ကစားသမား တိုမက်စ်ကလည်း အဝါကတ်သာ ပြသခံခဲ့ရတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကစားသမားအချို့ကိုပေးခဲ့ရလို့ ရိုစင်ဘော့အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ လူငယ်ကစားသမားအများအပြားကို အသုံးပြုခဲ့ရတာပါ။

ဒီပွဲရဲ့ပထမပိုင်းမှာ မန်ယူနိုက်တက်အသင်းဟာ အသင်းကြီးကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာ၊ကက်စီမဲရိုး၊ ရပ်ရှ်ဖိုဒ့်၊ မေဆန်မောင့်နဲ့ အီဗန်စ်တို့ကို လူငယ်ကစားသမားတွေနဲ့ တွဲဖက်အသုံးပြုခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂိုးသမား ဗီတက်ကလွဲပြီး ပထမပိုင်းမှာအသုံးပြုခဲ့တဲ့ ကစားသမား(၁၀)ဦးကို အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လူငယ်ဂိုးသမား ဗီတက်လက်စွမ်းပြသနိုင်ခဲ့လို့သာ ရိုစင်ဘော့အသင်းကို သွင်းဂိုးအများအပြားမပေးခဲ့ရတာပါ။

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဒီပွဲက ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ပွဲအပြီးအင်တာဗျူးမှာ ဝေဖန်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့မှာ ရိန်းဂျားစ်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲမှာ အဓိက ကစားသမားအချို့ပါဝင်လာဖို့ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *