ပယ်လ်ဟင်ညာကို ၂၀၂၈ အထိစာချုပ်ချုပ်ဆိုကာ ခေါ်ယူကြောင်း ဘိုင်ယန်မြူးနစ် ကြေညာ

0

ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ပယ်လ်ဟင်ညာကို ပေါင်(၄၂.၃)သန်း၊add-ons ပေါင်(၄.၂)သန်းနဲ့ ၂၀၂၈ ဇွန်အထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။

ပယ်လ်ဟင်ညာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီအပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပေမယ့် ပယ်ဟင်ညာကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးစားခဲ့ပြီး ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ ပယ်လ်ဟင်ညာက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဟာ သူ့ဘဝရဲ့အပျော်ရွှင်ဆုံးနေ့တွေထဲက တစ်နေ့ဖြစ်ပြီး သူ့ရဲ့အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အိုလီဆီကို (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပြီးနောက် ပယ်လ်ဟင်ညာရဲ့အပြောင်းအရွှေ့ကိုပါ အလျင်အမြန်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ စတုဂတ်အသင်းနောက်ခံလူ အိုင်တိုကိုလည်း ခေါ်ယူထားပြီး မနှစ်က စပါးအသင်းကနေ အငှားလာရောက်ကစားခဲ့တဲ့ အဲရစ်ဒိုင်ယာကိုလည်း အပြီးသတ်ခေါ်ယူခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရပြီးနောက် ဘန်လေအသင်းနည်းပြဟောင်း ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ကာ ရာသီသစ်မှာ အောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဇူလိုင်(၂၄)ရက်မှာ ရာသီကြိုခြေစမ်းပွဲတွေကို စတင်ပြီး ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *