ဂရင်းဝုဒ်ကို ခေါ်ယူခဲ့ခြင်းအတွက် မာဆေးလ် ပရိသတ်တွေ ဒေါသထွက်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်

0

မန်ယူနိုက်တက်အသင်းတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့ခြင်းအတွက် မာဆေးလ်ပရိသတ်တွေဟာ မာဆေးလ်အသင်းကို ဒေါသထွက်နေကြပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုခဲ့ကြပါတယ်။

မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ပေါင်(၂၇)သန်း၊ Add-ons ကြေးပေါင်(၃.၂)သန်းနဲ့ ခေါ်ယူပြီး ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်နိုင်ခဲ့သလို၊ ကလပ်အသင်းရဲ့တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၂ အောက်တိုဘာက မုဒိမ်းမှုအပါအဝင် စွဲချက်အများအပြားနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် ၂၀၂၃ ဖေဖော်ဝါရီမှာ စွဲဆိုထားတဲ့အမှုတွေအားလုံးဟာ ရုပ်သိမ်းသွားခဲ့တာပါ။

ဒါပေမယ့် မာဆေးလ်အသင်းပရိသတ်အချို့ဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကလပ်အသင်းက စတင်ကြိုးပမ်းကတည်းက #GreenwoodNotWelcome ဆိုတဲ့လှုပ်ရှားမှုကို စတင်ခဲ့ပြီး သူ့ကို မလိုလားတဲ့သဘောထားကို ပြခဲ့ကြပါတယ်။

ဂရင်းဝုဒ်ကို မာဆေးလ်အသင်းခေါ်ယူခဲ့တဲ့အပေါ် ပရိသတ်အချို့က ကြိုဆိုခဲ့ကြပေမယ့် ပရိသတ်အချို့ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ကလပ်ကို အားပေးရတာကို ဘယ်တုန်းကမှ မရှက်ခဲ့ပေမယ့် ဒီလူကို ငါတို့ရဲ့အရောင်နဲ့ မြင်တွေ့ရလို့ ရွံရှာမိပါတယ်။ သူ့ကိုကာကွယ်ပေးပြီး ထောက်ခံတဲ့သူတွေကိုလည်း ရွံရှာတယ်”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တချို့ကလည်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဂရင်းဝုဒ်ကို ဝေဖန်ခဲ့ကြပါတယ်။

မာဆေးလ်အသင်းဟာ သြဂုတ်(၃)ရက်မှာ ဆန်းဒါးလန်းအသင်းနဲ့ ဘရက်ဖိုဒ့်အသင်းရဲ့အိမ်ကွင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ရှိနေပြီး ဒီပွဲဟာ ဂရင်းဝုဒ်အတွက် ၂၀၂၂ ဇန်နဝါရီနောက်ပိုင်း အင်္ဂလန်မှာ ကစားမယ့် သူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်လာဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *