ဇာဗီဆိုင်မွန်ကို ဘိုင်ယန်မြူးနစ်ထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ မန်ယူနိုက်တက် မျှော်လင့်

0

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတဲ့ PSG ကြယ်ပွင့်ကစားသမား ဇာဗီဆိုင်မွန်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဇာဗီဆိုင်မွန်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်ယူနိုက်တက်အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာခဲ့သူပါ။

L’Equipe က မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှာနေရာစုံကစားနိုင်တဲ့ တစ်နိုင်ငံတည်းသား ဇာဗီဆိုင်မွန်ကို သူ့ရဲ့လူစာရင်းထဲထည့်သွင်းချင်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ပေါင်(၄၂)သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် သူ့ကစားသမားရဲ့တန်ကြေးက ပိုပြီးမြင့်တက်လာတယ်လို့ ယုံကြည်နေတာပါ။

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အပြောင်းအရွှေ့အတွက် ဇာဗီဆိုင်မွန်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပေမယ့် မန်ယူနိုက်တက်အသင်းဟာ ဇာဗီဆိုင်မွန်ကို ဖြတ်လုပြီးခေါ်ယူသွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ PSG အသင်းကွင်းလယ်လူ အူဂါတေးကို ခေါ်ယူနိုင်ဖို့လည်း ကြိုးစားနေတာပါ။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ PSG အသင်းကစားသမား(၂)ဦးကို ဒီနွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုလော့ဂ်နာအသင်းတိုက်စစ်မှူး ဇာခ့်ဇီနဲ့ လိုင်လီအသင်းနောက်ခံလူ ယိုရိုတို့ကို ခေါ်ယူထားပြီး နောက်ထပ်အပြောင်းအရွှေ့တွေကိုလည်း အမြန်ဆုံးအပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *