ကွန်တေအတွက် ဝက်စ်ဟမ်းရဲ့ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုကို အယ်လ်အစ်တီဟတ် ပယ်ချ

0

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကွန်တေကိုခေါ်ယူဖို့အတွက် ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက ပယ်ချခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကွန်တေကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပေမယ့် သူတို့ရဲ့ပထမဆုံးကမ်းလှမ်းမှုဟာ ငြင်းပယ်ခံခဲ့ရတာပါ။

အသက်(၃၃)နှစ်အရွယ်ရှိ ကွန်တေဟာ ဆော်ဒီမှာပျော်ရွှင်နေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ကြိုးပမ်းခြင်းခံလာရတာဖြစ်ပါတယ်။ အယ်လ်အစ်တီဟတ်အသင်းဟာ ကွန်တေကို ရောင်းချလိုခြင်းမရှိတဲ့အတွက် ဝက်စ်ဟမ်းအသင်းရဲ့ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် ပေါင်(၂၅)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အယ်လ်အစ်တီဟတ်အသင်းက စဉ်းစားလာဖွယ်ရှိတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

ဝက်စ်ဟမ်းအသင်းနည်းပြသစ် လိုပက်တယ်ဂီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ချိန်ကတည်းက ကွန်တေကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့တဲ့အတွက် အခုဝက်စ်ဟမ်းအသင်းကို ရောက်ရှိချိန်မှာ ကွန်တေရဲ့အပြောင်းအရွှေ့ကိုဖြစ်မြောက်ဖို့အတွက် တွန်းအားပေးဖွယ်ရှိနေတာဖြစ်ပါတယ်။ ကွန်တေဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ နွေရာသီကမှ အယ်လ်အစ်တီဟတ်အသင်းထံ ပေါင်(၁၇၂)သန်းတန်ကြးရှိ (၂)နှစ်စာချုပ်ချုပ်ဆိုပြီး ပြောင်းရွှေ့ခဲ့တာပါ။

ကွန်တေဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီဟတ်အသင်းအတွက်(၄၄)ပွဲပါဝင်ကစားခဲ့ပြီး (၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ကွန်တေဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်ခွင့်ရခဲ့ပြီး ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *