အယ်လ်အစ်တီဟတ်အသင်းကို ပြောင်းရွှေ့ဖို့ ဒီဘရိုင်းနား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

0

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ဆယ်စုနှစ်နီးပါးကစားခဲ့တဲ့ ဒီဘရိုင်းနားရဲ့စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ရဲ့အဓိကပစ်မှတ်ဖြစ်ပြီး ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ သူ့ကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ပိုပြီးလုပ်ဆောင်နေတယ်လို့ Mail Sport က ဖေဖော်ဝါရီက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဂျာနယ်လစ် ဂါလက်တီက အယ်လ်အစ်တီဟတ်အသင်းဟာ ဒီဘရိုင်းနားနဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ ပြောခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဒီဘရိုင်းနားရဲ့ပြောင်းရွှေ့ကြေးအတွက် ကလပ်(၂)သင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အယ်လ်အစ်တီဟတ်အသင်းကို မန်ယူနိုက်တက်အသင်းနောက်ခံလူဟောင်း လောရင့်ဘလန့်က ကိုင်တွယ်နေပြီး အသင်းမှာ ဘန်ဇီမာ၊ ကွန်တေ၊ ဖာဘင်ညို၊ ဂျိုတာတို့လို နာမည်ကြီးကစားသမားအချို့ရှိ‌နေတာပါ။ အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားက သူ့ရဲ့ကစားသမားဘဝကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ငွေကြေးအများအပြားနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ ခက်ခဲတယ်လို့ ဝန်ခံခဲ့ပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *