ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမန်ရဲတွေကြောင့် ISIS ရဲ့ တိုက်ခိုက်မှု မခံခဲ့ရတဲ့ အင်္ဂလန်ပရိသတ်

0

​ပြီးခဲ့တဲ့ ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေအနေနဲ့ အသက်အန္တရာယ်ရှိခဲ့ပေမယ့် ဂျာမန်ရဲတွေရဲ့ ရန်သူအပေါ်မှာ အနံ့ခံကောင်းခဲ့တာနဲ့ ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ကြောင်း သိရပါတယ်။

ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေကို အဓိကတိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ISIS အဖွဲ့ရဲ့ကြံစည်မှုကို ဂျာမန်ရဲတွေက အချိန်မီကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်နဲ့ စပိန်တို့ကစားခဲ့တဲ့ဗိုလ်လုပွဲကို ဘာလင်မြို့က Breitscheidplatz ရင်ပြင်​မှာရှိတဲ့ Fan Zone မှာ အင်္ဂလန်ပရိသတ် အများအပြားကြည့်ရှုခဲ့ကြပြီး ဒီနေရာကို အကြမ်းဖက်တိုက်ခိုက်ဖို့ ISIS တို့က စီစဉ်ခဲ့ကြတာပါ။

ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်း ISIS တို့က တိုက်ခိုက်မှုတွေပြုလုပ်မယ်လို့ သတင်းရရှိတာကြောင့် ဂျာမန်ရဲတွေဟာ ဘာလင်မြို့အနီး ပို့စ်ဒမ်မြို့က ISIS အဖွဲ့ဝင်တွေ ပုန်းခိုနေထိုင်ရာနေရာတွေကို ရှာဖွေစီးနင်းမှုတွေ ပြုလုပ်ခဲ့ရာမှာ မသင်္ကာစရာလူ(၃)ဦးကို ဖမ်းမိခဲ့ပါတယ်။

သတင်းအရ ISIS တို့နဲ့ ဆက်နွယ်နေတဲ့ လူ(၅)ဦးကို ရှာဖွေရာမှာ လောလောဆယ် (၃)ဦးကို ဖမ်းဆီးမိပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

သူတို့ရဲ့မိုဘိုင်းဖုန်းတွေကို စစ်ဆေးမှုအရ Breitscheidplatz ရင်ပြင်နဲ့ ကြီးမားတဲ့ ဘုရားကျောင်းတစ်ခုကို တိုက်ခိုက်မယ့်အစီအစဉ်တွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Breitscheidplatz ရင်ပြင်မှာ ပြသခဲ့တဲ့ ကြီးမားတဲ့ Screen ရှေ့မှာ ပရိသတ်ထောင်သောင်းချီ ကြည့်ရှုခဲ့ကြတာကြောင့် တကယ်လို့ ဒီနေရာကို တိုက်ခိုက်ခံရရင် လူအသေအပျောက် အလွန်များပြားနိုင်ပါတယ်။

ISIS တို့ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတစ်ပွဲကိုလည်း တိုက်ခိုက်ဖို့ ကြံရွယ်ခဲ့သေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *