မန်ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ဆန်ချို PSG ကို ပြောင်းဖို့ နီးစပ်ကြောင်း သတင်းထွက်

0

မန်ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေသူပါ။

ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် တစ်နှစ်နီးပါးအတွင်း ပထမဆုံးပွဲစဉ်အဖြစ် ရိန်းဂျားစ်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး ပြန်လည်အဆင်ပြေခဲ့သလို နည်းပြ အဲရစ်တန်ဟတ်ကိုယ်တိုင်က ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။

ဒါပေမယ့် L’Equipe က ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားတဲ့တောင်ပံကစားသမား ဘာပေရဲ့နေရာမှာအစားထိုးဖို့ ရှာဖွေနေတာဖြစ်ပြီး ဆန်ချိုဟာ သူတို့ရဲ့ပစ်မှတ်ထဲမှာ ပါဝင်လာခဲ့တာပါ။ ဒါ့အပြင် PSG အသင်းဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းကလည်း PSG အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အူဂါတေးနဲ့ ဇာဗီဆိုင်မွန်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *