ဒီဘာလား၊ ချီယေးဆား၊ ကိုင်ဟားဗက်ဇ်တို့ ချစ်သူနဲ့ ရွှေလက်တွဲခွင့်ရခဲ့ကြတဲ့ မမေ့နိုင်တဲ့ နွေရာသီ

0

ပြီးခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့တယ်။ ရိုးမားအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး ဒီဘာလားက နည်းပြစကာလိုနီ အသင်းကနေ ချန်လှပ်သွားလို့ ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ခွင့်မရဘဲ ချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ဆုံးရှုံးခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းက လက်ရှိချန်ပီယံအဖြစ် ယှဉ်ပြိုင်ခဲ့တယ်။ Round of 16 မှာ ဆွစ်ဇာလန်ကို ရှုံးလို့ ပြိုင်ပွဲက ထွက်ခဲ့ရတယ်။ အီတလီအသင်းရဲ့အဓိကတိုက်စစ်မှူး ချီယေဆာလည်း ဒီပြိုင်ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ဖိအားတွေနဲ့အတူ ယူရိုကို အဆုံးသတ်ခဲ့ရပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းကအိမ်ရှင်အသင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၆ နောက်ပိုင်း ပထမဆုံးချန်ပီယံဆုကို ရယူနိုင်မလားလို့ စောင့်ကြည့်စရာဖြစ်ခဲ့တယ်။ ကွာတားဖိုင်နယ်မှာ စပိန်ကို အချိန်ပိုမှာ ရှုံးပြီးထွက်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ တိုက်စစ်မှူးကိုင်ဟာဗက်ဇ်လည်း တိုက်စစ်မှာ ကစားတာ အားနည်းတယ်လို့ ဝေဖန်ခံခဲ့ရပြီး ဖိအားတွေရှိခဲ့ပါတယ်။

ဒီဘားလား၊ ချီယေဆား၊ ကိုင်ဟားဗက်ဇ် ဒီ(၃)ယောက်လုံးအတွက် ဒီနွေရာသီက လာဘ်တိတ်တဲ့ နွေရာသီပါပဲ။ ဒါပေမယ့် စုတ်ရော၊ လာဘ်ရောတိတ်တဲ့နွေရာသီတော့ မဖြစ်ခဲ့ပါဘူး။

(၃)ယောက်စလုံး စုတ်ဝင်တယ်လို့ ပြောရလောက်အောင် ထူးထူးခြားခြား မင်္ဂလာပွဲတွေကို ရက်များစွာမခြားဘဲ ဒီရက်သတ္တပတ်ထဲမှာ ကျင်းပခဲ့ကြတာပါ။

ဒီဘားလားက သူ့ရဲ့ချစ်သူ အာဂျင်တီးနားမော်ဒယ် အိုရီယာနားဆဘာတီနီနဲ့ ပြီးခဲ့တဲ့ ဇူလိုင်(၂၀)ရက်နေ့မှာ လက်ထပ်လိုက်ပါတယ်။ (၆)နှစ်ကြာ ချစ်သူတွေအဖြစ် အတူရှိခဲ့ပြီး အာဂျင်တီးနားနိုင်ငံ ဗြူနိုအေရိစ်မြို့မှာ လက်ထပ်ပွဲကျင်းပခဲ့တာပါ။

ချီယေဆားကလည်း သူ့ရဲ့ချစ်သူ အီတလီမော်ဒယ် လူစီယာဘရာမီနီနဲ့ ဇူလိုင်(၂၀)ရက်နေ့မှာပဲ အီတလီနိုင်ငံ၊ ဂရော့ဆက်တိုမြို့မှာ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။ သူတို့နှစ်ဦး ချစ်သူသက်တမ်း(၂)နှစ်ခွဲပြည့်ချိန်မှာ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲလိုက်တာပဲ ဖြစ်ပါတယ်။

ကိုင်ဟားဗက်ဇ်ကလည်း သူ့ရဲ့ချစ်သူ ဂျာမန်မော်ဒယ် ဆိုဖီယာဝက်ဘာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်(၁၈)ရက်နေ့မှာ လက်ထပ်မင်္ဂလာပွဲနွှဲလိုက်ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲပုံကို ကိုင်ဟားဗက်ဇ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပြီး “18.07.24 – forever” လို့လည်း ရေးခဲ့ပါတယ်။

ဒါကြောင့် ဒီနွေရာသီက ဒီဘားလား၊ ချီယေဆား၊ ကိုင်ဟားဗက်ဇ်တို့ (၃)ဦးအတွက် မိမိတို့ရဲ့လက်ရွေးစင်အသင်းတွေနဲ့အတူ အောင်ပွဲမခံခဲ့ရပေမယ့် ချစ်သူတွေနဲ့ တရားဝင်ရွှေလက်တွဲပြီး အိမ်ထောင်သည်ဘဝကို တရားဝင်ကူးပြောင်းခဲ့တဲ့ နွေရာသီဖြစ်ခဲ့လို့ မမေ့နိုင်စရာနွေရာသီလို့ ဆိုရမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *