မပြီးဆုံးနိုင်သေးတဲ့ အာဂျင်တီးနား vs ပြင်သစ်တိုက်ပွဲနဲ့ လှောင်ပြောင်ခံခဲ့ရတဲ့ အာဂျင်တီးနားအိုလံပစ်အသင်း

0

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ အာဂျင်တီးနား-ပြင်သစ် အပြန်အလှန် ထိပါးစော်ကားမှု ပြဿနာက အခုအချိန်အထိ မပြီးဆုံးနိုင်သေးဘဲ မီးညွှန့်မီးတောက်တွေ ပိုမိုကြီးမားတောက်လောင်လာခဲ့ပါတယ်။

ဒီနေ့ စတင်ကစားခဲ့တဲ့ ပါရီအိုလံပစ်ဘောလုံးပြိုင်ပွဲက ပြင်သစ်တို့ရဲ့လှောင်ပြောင်စော်ကားမှုနဲ့အတူ မီးတောက်တစ်ခုထပ်ပြီး တောက်လောင်လာခဲ့ပါတယ်။

ပါရီအိုလံပစ်(အမျိုးသား)ဘောလုံးပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် အာဂျင်တီးနား အိုလံပစ်အသင်းနဲ့ မော်ရိုကို အိုလံပစ်အသင်းတို့ ကစားခဲ့ကြပါတယ်။ စိန့်အက်တီယန်အသင်းရဲ့ Stade Geoffroy-Guichard ကွင်းမှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ အာဂျင်တီးနားအိုလံပစ်အသင်းကို ပြင်သစ်ပရိသတ်တွေက ပစ်မှတ်ထားလှောင်ပြောင်ခဲ့ကြတာပါ။

ပွဲမစခင် နှစ်ဖက်အသင်း နိုင်ငံတော်သီချင်းသီဆိုရာမှာ အာဂျင်တီးနားအသင်းသီဆိုချိန် ပြင်သစ်ပရိသတ်တွေက ကျယ်လောင်စွာအော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင် အာဂျင်တီးနား(အမျိုးသား)ဘောလုံးအသင်းသာမက အာဂျင်တီးနားရပ်ဘီအသင်းကလည်း လှောင်ပြောင်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အာဂျင်တီးနားရပ်ဘီအသင်းနဲ့ ကင်ညာရပ်ဘီအသင်းတို့ ကစားတဲ့ပွဲမတိုင်ခင်မှာ ပြင်သစ်ပရိသတ်တွေက အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်းသီဆိုရာမှာလှောင်ပြောင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်း အပျော်လွန်ပြီး အသင်းဘတ်စ်ကားပေါ်မှာ ပြင်သစ်အသင်းက လူမည်းကစားသမားတွေကို လှောင်ပြောင်တဲ့သီချင်း သီဆိုခဲ့ရာကနေ အာဂျင်တီးနား Vs ပြင်သစ် လူမျိုးရေးမီးတောက်က အရှိန်အဟုန်နဲ့ တောက်လောင်နေတာဖြစ်ပါတယ်။

အခု အိုလံပစ်ပြိုင်ပွဲမှာလည်း ဒီမီးတောက်က အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်တောက်လောင်နေဦးမှာတော့ သေချာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *