စီးရီးအေကလပ် ဂျီနိုအာထံ ဒီဟေးယား ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်

0

မန်ယူနိုက်တက်ဂိုးသမားဟောင်း ဒီဟေးယားဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြထားပါတယ်။

ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။

ဒီဟေးယားဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဘောလုံးဒါရိုက်တာဟောင်း ဂျွန်မာတော့တို့သာ ထွက်ခွာခဲ့ရင် မန်ယူနိုက်တက်အသင်းထံ ပြန်လာဖို့ အစီအစဉ်ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂျွန်မာတော့ဟာ ဧပြီက မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ကတော့ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့လို့ ၂၀၂၆ ဇွန်အထိ စာချုပ်သက်တမ်းတိုးခြင်းခံခဲ့ရတာပါ။

အဲ့ဒါကြောင့် ဒီဟေးယားဟာ အိုးထရက်ဖိုဒ့်ထံ ပြန်လာချင်တဲ့ သူ့ရဲ့အစီအစဉ်မဖြစ်မြောက်တော့တဲ့အတွက် အခြားရွေးချယ်စရာတွေကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ဒီမာဇီယိုက ဒီဟေးယားဟာ သူ့ကို ခေါ်ယူလို့ရတယ်ဆိုပြီး ဂျီနိုအာအသင်းထံ အသိပေးခဲ့တာကြောင့် ဂျီနိုအာအသင်းဟာ သူ့ကို ခေါ်ယူဖွယ်ရှိ၊မရှိကို ဆုံးဖြတ်ရတော့မှာပါ။ ဂျီနိုအာအသင်းကို ဂီလာဒီနိုက နည်းပြအဖြစ် ကိုင်တွယ်နေပြီး မနှစ်ကရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၁၁)နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းကို ၂၀၁၁ က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲပေါင်း(၅၄၅)ပွဲပါဝင်ကစားကာ ပရီးမီးယားလိဂ်၊FA ဖလား၊ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *