နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၂)ဦးအထိ ထွက်ခွာခွင့်ပြုဖို့ ချယ်လ်ဆီး ပြင်ဆင်

0

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့လစာငွေပမာဏကို လျှော့ချဖို့နဲ့ လူစာရင်းကို ကျစ်လစ်အောင်လုပ်ဖို့အတွက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၂)ဦးအထိ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားပြီး ပြန်ရောက်လာခဲ့တဲ့ ကစားသမားတွေကို ရောင်းချဖို့နဲ့ လူငယ်ကစားသမားအချို့ကို အငှားစေလွှတ်ဖို့ စီစဉ်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က နောက်ခံလူတစ်ဦးဖြစ်တဲ့ မာလန်းဆားကို စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင်အငှားချထားရာကနေပြန်ရောက်လာတဲ့ လူကာကူ၊ ဖိုဖာနာ၊ ဘရော်ယာ၊ ကတ်ဆာဒီနဲ့ ဂိုးသမား ကယ်ပါတို့ကို ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ လူကာကူကို ခေါ်ယူဖို့ နာပိုလီအသင်းက ကြိုးစားနေပေမယ့် ချယ်လ်ဆီးအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အဆင်မပြေသေးတာကြောင့် အပြောင်းအရွှေ့မဖြစ်သေးတာပါ။ ကယ်ပါကတော့ ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။

ချယ်လ်ဆီးအသင်းရောင်းချမယ့် စာရင်းထဲမှာ ငယ်မွေးခြံပေါက်တွေဖြစ်တဲ့ ကွင်းလယ်လူ ဂယ်လက်ဂါနဲ့ နောက်ခံလူ ချာလိုဘာတို့ပါဝင်နေသလို နောက်ခံလူ ဘင်ချီဝဲလ်နဲ့ ဂိုးသမား ပီထရိုဗစ်တို့လည်း ပါဝင်နေပါတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂေးခရစ်၊ အန်ဒရေဆန်းတို့စ်နဲ့ အူဂိုချူကွယ်တို့လည်း အငှားနဲ့ ထွက်ခွာရဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ဘူရီဟောလ်၊ ကယ်လီမန်၊ ဗီဂါ၊ဝီလေ၊ ဂီအူနဲ့ တိုဆင်တို့ကို ခေါ်ယူထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဗီလာရီးရဲလ်ဂိုးသမား ဂျော်ဂျန်ဆန်၊ ဘိုကာဂျူနီယာအသင်းက အန်ဆယ်လ်မီနို၊ ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံစ်တို့ကို ခေါ်ယူနိုင်ဖို့ ဆက်ပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ အမေရိကန်မှာကစားခဲ့တဲ့ ပထမဆုံးရာသီကြိုခြေစမ်းပွဲမှာ ရက်စ်ဟမ်းအသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *