ဒီဟေးယားရဲ့ လစာတောင်းဆိုမှုကြောင့် ဂျီနိုအာထံ အပြောင်းအရွှေ့ပျက်ပြယ်

0

မန်ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဟေးယားရဲ့စီးရီးအေကလပ် ဂျီနိုအာအသင်းထံ အပြောင်းအရွှေ့ဟာ သူ့ရဲ့လက်တွေ့မကျတဲ့လစာငွေ တောင်းဆိုမှုကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျီနိုအာအသင်းဟာ နောက်ထပ်ဂိုးသမားပစ်မှတ်တွေကို ရှာဖွေသွားမယ်လို့ Sky Sports က ဖော်ပြထားတာပါ။

မန်ယူနိုက်တက်အသင်းအတွက် (၁၂)နှစ်ကြာ ပွဲပေါင်း(၅၄၅)ပွဲကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဒီဟေးယားဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ‌ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းကနေ အခုအချိန်ထိ အသင်းသစ်မရသေးဘဲ အသင်းလက်မဲ့ဖြစ်နေခဲ့‌တာပါ။

အဲ့ဒါကြောင့် ဒီဟေးယားဟာ အသင်းသစ်ရှာဖွေနေပြီး ဂျီနိုအာအသင်းမှာ ကစားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဟေးယားရဲ့လုပ်ခလစာတောင်းဆိုမှုဟာ များပြားခဲ့‌တဲ့အတွက် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပြီး ဒီဟေးယားကလည်း အသင်းလက်မဲ့ဆက်ပြီး ဖြစ်နေခဲ့တာပါ။ ဂိုးသမား ဂျိုးဆက်မာတီနက်ဇ်ကို အင်တာမီလန်အသင်းထံ ရောင်းချခဲ့တဲ့ ဂျီနိုအာအသင်းဟာ ဂိုးသမားရှာဖွေမှုကို ဆက်ပြီးပြုလုပ်နေပါတယ်။

ဒီဟေးယားဟာ ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ကလပ်အသင်းအချို့ရဲ့ချိတ်ဆက်မှုတွေကိုလည်း ခံနေရတာပါ။ အဲ့ဒါကြောင့် ဒီဟေးယားအနေနဲ့ ဥရောပကနေ စွန့်ခွာပြီး ဒီလိဂ်တွေဆီ ပြောင်းရွှေ့သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *