ယိုရိုနဲ့ ဟွိုက်လန်းတို့ရဲ့ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ တန်ဟတ် ဆို

0

ဒီမနက်ကစားခဲ့တဲ့ အာဆင်နယ်(၂-၁)မန်ယူနိုက်တက် အမေရိကန်ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ယိုရိုနဲ့ တိုက်စစ်မှူး ဟွိုက်လန်းတို့ရဲ့ဒဏ်ရာအခြေအနေမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။

ယိုရိုနဲ့ ဟွိုက်လန်းတို့ဟာ ဒဏ်ရာတွေကြောင့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ရာသီသစ်မတင်ခင် မန်ယူနိုက်တက်အသင်းအတွက် ဒဏ်ရာထိုးနှက်ချက်တွေကြုံတွေ့ခဲ့ရတာပါ။

မန်ယူနိုက်တက်အသင်းဟာ ယိုရိုကို ဒီနွေရာသီအပြောင်းအရွှေ့ကာလကမှ လိုင်လီအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ယိုရိုဟာ ရိန်းဂျားစ်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ကွင်းထဲကနေ ခက်ခက်ခဲခဲထွက်ခွာရတာကို မြင်တွေ့ခဲ့ရပါတယ်။ ဟွိုက်လန်းကလည်း အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းအပြီး မိနစ်အနည်းငယ်အကြာမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။

အဲရစ်တန်ဟတ်က “သူတို့ရဲ့ဒဏ်ရာအခြေအနေကို ပြောဖို့ စောသေးပြီး ကျွန်တော်တို့(၂၄)နာရီကြာ စောင့်ဆိုင်းရမှာပါ။ ဒါမှ အခြေအနေကို ပိုပြီးသိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အပေါင်းလက္ခဏာဆောင်ပြီး ထွက်ပေါ်လာတဲ့အရာကို ကြည့်ကြတာပေါ့”လို့ ဆိုခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင် ခြေစမ်းပွဲတွေအဖြစ် ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ သြဂုတ်(၁)ရက်၊ (၃)ရက်နေ့တွေမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *