အိုဆီမန်နဲ့ လူကာကူအပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းနဲ့ နာပိုလီအသင်း ဆွေးနွေး

0

ချယ်လ်ဆီးအသင်းဟာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်ကို အငှားနဲ့ ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီး နာပိုလီအသင်းကလည်း ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို နည်းပြ ကွန်တီနဲ့ ပြန်လည်လက်တွဲနိုင်ဖို့ အတွက် ချယ်လ်ဆီးအသင်းဆီကနေ အပြီးသတ်ခေါ်ယူချင်နေတာကြောင့် ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။ အိုဆီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းအပါအဝင် အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြစ်နေပြီး လူကာကူကတော့ ချယ်လ်ဆီးအသင်းကနေ အပြီးသတ်ထွက်ခွာချင်နေသူပါ။

The Athletic က လူကာကူဟာ ချယ်လ်ဆီးအသင်းကနေ နာပိုလီအသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်နေပြီး အခြားတစ်ဖက်မှာ ချယ်လ်ဆီးအသင်းဟာ နာပိုလီအသင်းတိုက်စစ်မှူး အိုဆီမန်ကို တစ်ရာသီအငှားနဲ့ နောက်ရာသီမှာ အပြီးသတ်ခေါ်ယူချင်နေတယ်လို့ ဖော်ပြထားပါတယ်။ ကလပ်အသင်း(၂)သင်းဟာ သဘောတူညီမှုရယူနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတာကြောင့် လူကာကူနဲ့ အိုဆီမန်တို့ဟာ ရာသီသစ်မှာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

နာပိုလီအသင်းနဲ့ အိုဆီမန်တို့ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause) ပေါင်သန်း(၁၁၀)ရှိနေတာဖြစ်ပြီး PSG အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် တန်ဖိုးကွာခြားမှုတွေကြောင့် ဆွေးနွေးမှုရပ်တန့်သွားခဲ့တာပါ။ အိုဆီမန်ဟာ ပြီးခဲ့တဲ့ နာပိုလီအသင်းရဲ့ခြေစမ်းပွဲမှာ နည်းပြ ကွန်တီရဲ့ချန်လှပ်မှုခံခဲ့ရတာကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးထင်ကြေးသတင်းတွေအများအပြား ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ လာမယ့်ရက်သတ္တပတ်ထဲ ချယ်လ်ဆီးအသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပြန်လာကာ တစ်ဦးချင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာပါ။ ချယ်လ်ဆီးအသင်းဟာ အမေရိကန်ရာသီကြိုခရီးစဉ်က ပြန်မလာခင်မှာ လူကာကူရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *