အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်သူ စာရင်းမှာ အစ်ဝစ်ချ်နည်းပြ မက်ကန်နာ အံ့အားသင့်ဖွယ် ပါဝင်လာ

0

အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာဟာ အင်္ဂလန်အသင်းနည်းပြရာထူးက ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး နည်းပြသစ်ဖြစ်လာနိုင်တဲ့သူစာရင်းထဲမှာ အံ့အားသင့်ဖွယ်ပါဝင်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းကို(၈)နှစ်ကြာကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီး(၂)ရက်အကြာမှာ နည်းပြရာထူးက နုတ်ထွက်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတာပါ။

အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့သူစာရင်းထဲမှာ အက်ဒီဟောင်း၊ ဂရေဟမ်ပေါ်တာ၊ လီကာစလေတို့အပြင် မက်ကန်နာပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ မက်ကန်နာဟာ အစ်ဝစ်ချ်အသင်းကို လိဂ်ဝမ်းကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင်ကိုင်တွယ်နိုင်ခဲ့တာကြောင့် FA ရဲ့နည်းပြလောင်းစာရင်းထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာတာပါ။ FA ရဲ့နည်းစနစ်ဒါရိုက်တာ ဂျွန်မက်ဒါမော့ဟာ မက်ကန်နာရဲ့အမာခံပရိသတ်ဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့နှစ်ဦးဟာ စပါးအသင်းမှာ လူငယ်နည်းပြအဖြစ် အတူလက်တွဲလုပ်ခဲ့ဖူးတာပါ။ FA ဟာ အင်္ဂလန်နည်းပြသစ်အဖြစ် အင်္ဂလိပ်လူမျိုးကိုပဲ ခန့်အပ်မှာမဟုတ်လို့ မြောက်အိုင်ယာလန်လူမျိုး မက်ကန်နာအတွက် အခွင့်အရေးကောင်းပဲဖြစ်ပါတယ်။ မက်ကန်နာဟာ အစ်ဝစ်ချ်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ရဲ့ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် သူကတော့ မေလက အစ်ဝစ်ချ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။

မက်ကန်နာဟာ မန်ယူနိုက်တက်အသင်းမှာ နည်းပြ မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ကိုင်တွယ်ခဲ့တုန်းက နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၁-၀၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တဲ့ အစ်ဝစ်ချ်အသင်းဟာ ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *