ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကို ဆွေးနွေး

0

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဂယ်လက်ဂါဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခဲ့လို့ ချယ်လ်ဆီးအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ပေမယ့် ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းကို ပြန်လာပြီး လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်ထားသူပါ။

ချယ်လ်ဆီးအသင်းလူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ဂယ်လက်ဂါဟာ စာချုပ်တစ်နှစ်ပဲ ကျန်ရှိတော့တာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီးထင်ကြေးတွေအမျိုးမျိုးထွက်ပေါ်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ စာချုပ်တစ်နှစ်ပဲ ကျန်ရှိတော့တဲ့ ဂယ်လက်ဂါကို ပေါင်သန်း(၅၀)တန်ကြေးသက်မှတ်ထားတာပါ။ ဂယ်လက်ဂါဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုမရရှိသေးပေမယ့် ချယ်လ်ဆီးအသင်းက ဒီအပြောင်းအရွှေ့မှာ သူ့ကို ရောင်းချနိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

စပါးနဲ့ ဝက်စ်ဟမ်းအသင်းတို့ကလည်း ဂယ်လက်ဂါကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပေမယ့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ရင် အက်သလက်တီကိုမက်ဒရစ်အသင်းက သူ့ကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်အရှိဆုံးလို့ သတင်းမှာ ဖော်ပြထားတာပါ။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားတာကြောင့် ကံမကောင်းစွာနဲ့ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ဂယ်လက်ဂါဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်(၃၇)ပွဲနဲ့ ပြိုင်ပွဲစုံပွဲပေါင်း(၅၀)အထိ ပါဝင်ကစားခဲ့ပါတယ်။ ချာလ်တန်၊ဆွမ်ဆီး၊ဝက်စ်ဘရွမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ အငှားသွားရောက်ကစားခဲ့ဖူးတဲ့ ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းအတွက် (၉၅)ပွဲပါဝင်ကစားထားပြီး (၁၀)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *