ဒဏ်ရာကြောင့် မန်ယူနိုက်တက်ရဲ့ရာသီအစပွဲစဉ်တွေကို ယိုရို လွဲချော်ဖွယ်ရှိ

0

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လိုင်လီအသင်းကနေ ပေါင်(၅၉)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူယိုရိုဟာ မန်ယူနိုက်တက်အသင်းအတွက်(၂)ပွဲသာပါဝင်ကစားပေးခဲ့ပြီးနောက် ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူရဖွယ်ရှိနေပါတယ်။

ယိုရိုဟာ မန်ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲရဲ့ပွဲချိန်အစောပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။

ယိုရိုဟာ ဒီပွဲအပြီး(၃)ရက်အကြာမှာ မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ရေးစခန်းကနေ သူ့ရဲ့ဘယ်ခြေထောက်ကို အကာအကွယ်ပါတဲ့ ဖိနပ်ဝတ်ဆင်ကာ ချိုင်းထောက်နဲ့ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ရိန်းဂျားစ်အသင်းနဲ့ ခြေစမ်းပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ခဲ့တဲ့ ယိုရိုဟာ လက်ကျန်ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်နိုင်သလို ရာသီအစပွဲစဉ်တွေပါ လွဲချော်မယ့်အပေါ် စိုးရိမ်စရာတွေရှိလာခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ သြဂုတ်(၁၀)ရက်မှာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်ထပ်(၆)ရက်အကြာမှာ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဗဟိုနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိသေးလို့ နည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့်ပွဲတွေမှာ ဗဟိုနောက်ခံလူနေရာအတွက် မက်ဂွဲယား၊ အီဗန်စ်၊လင်ဒီလော့ဖ်တို့ကိုသာ အသုံးပြုရဖို့ရှိနေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အနောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ပထမအကြိမ်ကမ်းလှမ်းမှုပယ်ချခံထားရလို့ နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဟွိုက်လန်းကလည်း အာဆင်နယ်အသင်းနဲ့ပွဲမှာပဲ ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေဟာ မဆိုးရွားဖို့ အသင်းက မျှော်လင့်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရာသီကြိုခရီးစဉ်မှာ ကိုဘီမေနူးနဲ့ အာမတ်တို့ကို ဒဏ်ရာတွေကြောင့် ကာလရှည်ကြာအနားပေးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *