ဒဏ်ရာကြောင့် ယိုရို(၃)လ၊ဟွိုက်လန်း(၆)ပတ် အနားယူရမယ်လို့ မန်ယူနိုက်တက် အတည်ပြု

0

အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ယိုရိုက(၃)လနဲ့ တိုက်စစ်မှူး ဟွိုက်လန်းက(၆)ပတ်အနားယူရမယ်လို့ မန်ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ ယိုရိုက ခြေဖမိုးကျိုးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဟွိုက်လန်းက တံကောက်ကြောဒဏ်ရာရခဲ့တဲ့အတွက် ရာသီသစ်မစတင်ခင်မှာ မန်ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတာပါ။

ယိုရိုဟာ ပြီးခဲ့တဲ့လကမှ ပေါင်(၅၉)သန်းနဲ့ လိုင်လီအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူနိုက်တက်အသင်းအတွက် (၂)ပွဲသာပါဝင်ကစားပေးရပြီးနောက် (၃)လကြာအနားယူရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေကြောင့် အနားယူခဲ့ရတဲ့ ဟွိုက်လန်းဟာ မန်ယူနိုက်တက်အသင်းရဲ့ရာသီအစပွဲစဉ်တွေကို လွဲချော်တော့မှာပါ။ မန်ယူနိုက်တက်အသင်းဟာ ဟွိုက်လန်းရဲ့နေရာမှာ ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဇာခ့်ဇီကို အစားထိုးအသုံးပြုလို့ရမှာဖြစ်ပေမယ့် ယိုရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားသွားဖို့ရှိနေပါတယ်။

မန်ယူနိုက်တက်အသင်းမှာ ဗဟိုနောက်ခံလူတွေအဖြစ် လီဆန်ဒရိုမာတီနက်ဇ်၊မက်ဂွဲယား၊အီဗန်စ်နဲ့ လင်ဒီလော့ဖ်ရှိနေပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ဟာ လက်ရှိအချိန်ထိ ကလပ်နဲ့ ပူးပေါင်းခြင်းမရှိသေးသလို လင်ဒီလော့ဖ်ကလည်း ဒီနွေရာသီအပြောင်းအရွှေ့မှာ ထွက်ခွာဖွယ်ရှိနေတာပါ။ လက်ရှိအခြေအနေအရ မန်ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူတစ်ဦး မခေါ်ယူနိုင်ခင်အထိ လင်ဒီလော့ဖ်ကို ဆက်ပြီးထိန်းထားဖို့ရှိနေတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ပထမအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခြင်းခံထားရတာပါ။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းကို နောက်ထပ်ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုပြုလုပ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *