ဓားထိုးခံရပြီး ကြွေလွင့်ခဲ့တဲ့ လူငယ်တွေအတွက် မာဆေးလ်ဆိုက်ဒ် ပြိုင်ဘက် နှစ်သင်းရဲ့ ဝမ်းနည်းသဝဏ်လွှာ

0

လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ဘောလုံးကွင်းထဲမှာဆိုရင်တော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြို့ခံပြိုင်ဘက်အသင်းတွေပါ။

ဒါပေမယ့် ဒီနှစ်သင်းက ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်တွေမှာတော့ အတူပူးပေါင်းဆောင်ရွက်တတ်ကြပါတယ်။

တစ်သင်းရဲ့ဝမ်းနည်းစရာအဖြစ်အပျက်တွေကို တစ်သင်းက နှစ်သိမ့်ပေးတတ်ကြပါတယ်။

အခု လီဗာပူးလ်မြို့နဲ့ မိုင်(၂၀)လောက်ပဲ ဝေးတဲ့ ဆောက်ပို့တ်ဆိုတဲ့ ကမ်းခြေမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုအတွက် နှစ်သင်းပူးပေါင်းပြီး ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ပါတီပွဲဆင်နွှဲနေတဲ့ ဆယ်ကျော်သက်လူငယ်တွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ဓါးထိုးမှုတစ်ခုဖြစ်ပြီး လူငယ်(၃)ဦးသေဆုံးကာ (၁၀)ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန်အဆိုတော် တေလာဆွစ်ဖ်ရဲ့သီချင်းနဲ့ လူငယ်တွေ ကခုန်နေစဉ်မှာ ဒီအစုလိုက်အပြုံလိုက် ထိခိုက်စေတဲ့ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ကျူးလွန်သူလို့ယူဆရတဲ့ အသက်(၁၇)နှစ်အရွယ်လူရွယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဇူလိုင်(၂၉)ရက်နေ့ နံနက်ပိုင်း (၁၁း၀၀)နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဆိုး ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ မသိရှိရသေးဘဲ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းစုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်မှာ သေဆုံးသွားခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ အရွယ်မတိုင်ခင်ကွယ်လွန်သွားခဲ့ကြတာဖြစ်လို့ လီဗာပူးလ်နဲ့ အဲဗာတန်အသင်းတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကွယ်လွန်ခဲ့သူတွေ၊ ထိခိုက်နာကျင်ခဲ့သူတွေအတွက် အလွန်ဝမ်းနည်းရကြောင်း၊ မိမိတို့အနေနဲ့ ဆုတောင်းမေတ္တာပို့သနေမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *