ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် မိမိစိတ်ဓါတ်ကျပြီး အရှုံးပေးချင်ခဲ့တယ်လို့ နေမာဖွင့်ဟဝန်ခံ

0

ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် ပြန်လည်နာလန်ထူတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေရတဲ့ ဘရာဇီးလ်ကြယ်ပွင့်နေမာက သူအရှုံးပေးချင်ခဲ့တယ်လို့ Instagram မှာ ဖွင့်ဟရေးသားခဲ့ပါတယ်။

နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ဒဏ်ရာရရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကတည်းကနေ အခုအချိန်ထိ အနားယူနေရသူပါ။

နေမာဟာ ကြံ့ခိုင်မှုအပြည့်အ၀ မရရှိသေးလို့ ခက်ခက်ခဲခဲရုန်းကန်နေရတာ ဖြစ်ပါတယ်။ စိန်ခေါ်မှုအများအပြားရှိခဲ့ပေမယ့် နေမာဟာ ဒဏ်ရာအခြေအနေအပေါ် စမ်းသပ်မှုတွေခံရချိန်မှာ စိတ်ဓါတ်ပိုင်းမာကျောမှုတွေကို ပြသခဲ့တာပါ။ နေမာဟာ ဒဏ်ရာကနေ အမြန်ဆုံးပြန်ကောင်းမွန်ပြီး ကွင်းထဲပြန်လည်ခြေချချင်နေတာကြောင့် လက်ရှိသူ့ရဲ့အခြေအနေတွေအပေါ် စိတ်ပျက်မှုတွေရှိခဲ့ပါတယ်။

နေမာက “ဒီဒဏ်ရာကို ခံစားအပြီးမှာ ခက်ခဲတဲ့နေ့ရက်တွေရှိခဲ့ပါတယ်။ အရှုံးပေးလိုက်ချင်တဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ဒါတွေအားလုံးကို ကျော်ဖြတ်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ လိုချင်တာကို မရမချင်းရပ်နေမယ့်သူမဟုတ်ပါဘူး။ ကျွန်တော်ဟာ နေ့တိုင်း တိုက်ပွဲဆက်ပြီးဝင်သွားမှာပါ”လို့ ရေးသားခဲ့တာပါ။

အယ်လ်ဟီလယ်အသင်းပရိသတ်တွေက နေမာအမြန်ဆုံးကွင်းထဲဝင်ရောက်နိုင်ဖို့ မျှော်လင့်နေပြီး ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းအကြီးအကဲဖြစ်သူက နေမာဟာ စက်တင်ဘာလလယ်မှာ ကစားဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက PSG အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် (၅)ပွဲပါဝင်ကစားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *