မန်ယူနိုက်တက် ကစားသမားဘဝကို ဒီလိုမစတင်ချင်ဘူးလို့ ခွဲစိတ်ပြီးနောက် ယိုရို ဆို

0

မန်ယူနိုက်တက်အသင်းနောက်ခံလူသစ် ယိုရိုဟာ ခြေချင်းဝတ်ကို အောင်မြင်စွာခွဲစိတ်မှုခံယူပြီးနောက် မန်ယူနိုက်တက်ကစားသမားဘဝကို ဒီလို မစတင်ချင်ဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ယိုရိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလကမှ လိုင်လီအသင်းကနေ ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူနိုက်တက်အသင်းအတွက် (၂)ပွဲသာပါဝင်ကစားခဲ့ရပြီးနောက် ဒဏ်ရာရရှိသွားကာ (၃)လကြာအနားယူရတော့မှာပါ။

ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲစဉ်ရဲ့ပထမပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ခြေချင်းဝတ်ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူ ယိုရိုဟာ လက်ရှိအချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ စတင်နေပြီဆိုတဲ့အကြောင်းကို သူ့ရဲ့Instagram မှာ ရေးသားကာ ပရိသတ်တွေထံ မျှဝေခဲ့တာပါ။

ယိုရိုက”ဒါက ကျွန်တော်လိုချင်တဲ့အစမဟုတ်ခဲ့ပေမယ့် ဒါက ဘောလုံးပါ။ ခွဲစိတ်မှုကောင်းမွန်ခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့အားပေးမှုမက်ဆေ့အများအပြားအတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ စိတ်ရှည်ပြီး ပြန်လည်ထူထောင်ရေးလုပ်ရမယ့်အချိန်ပါ။ သန်မာစွာနဲ့ မကြာခင်ပြန်တွေ့မယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းဆိုးရွားမှုကြောင့် ယိုရိုကို ခေါ်ယူခဲ့ပေမယ့် အခုတော့ နောက်ထပ်ခံစစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေပြုလုပ်နေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အခုအချိန်ထိ ပြောင်းရွှေ့ကြေးသဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *