အာဆင်နယ် အကယ်ဒမီထွက် စမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဖူလ်ဟမ် ခေါ်ယူ

0

ဖူလ်ဟမ်အသင်းဟာ အာဆင်နယ်အသင်းအကယ်ဒမီထွက် ကွင်းလယ်လူ စမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ကနဦးပေါင်(၂၇)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ Add-ons တွေကြောင့် ပေါင်(၃၄)သန်းထိ အာဆင်နယ်အသင်းထံ ပေးချေရနိုင်တဲ့ စမစ်ရိုးကို ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုးဟာ အာဆင်နယ်အသင်းကို အသက်(၁၀)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး အသက်(၁၈)နှစ်အရွယ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ကာ ပွဲပေါင်း(၁၁၅)ပွဲပါဝင်ကစားခဲ့ပြီး (၁၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စမစ်ရိုးဟာ ဒဏ်ရာတွေကြောင့် အာဆင်နယ်အသင်းအတွက် ပွဲကစားခွင့်ရဖို့ ခက်ခဲခဲ့ပြီး သူ့ကိုပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မယ့် ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

စမစ်ရိုးက “နောက်ဆုံးတော့ ဖူလ်ဟမ်အသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်လို့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုအတွက် အလွန်ပျော်ရွှင်ပါတယ်။ အသင်းရဲ့ပရောဂျက်ကို နားထောင်ရင်း နည်းပြ မာကိုဆေးလ်ဗားနဲ့ စကားပြောဆိုပြီးနောက် ဒါဟာ ကျွန်တော့်အတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပရောဂျက်လို့ ထင်ကြောင်း”ဖူလ်ဟမ်အသင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာက စမစ်ရိုးထွက်ခွာသွားတဲ့အတွက် ဝမ်းနည်းမိပေမယ့် လိုအပ်တဲ့ ပုံမှန်ပွဲကစားခွင့်အခွင့်အရေးအသစ်ကို ရယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိတယ်လို့ ဆိုခဲ့တာပါ။ အင်္ဂလန်အသင်းကြီးအတွက် (၃)ပွဲပါဝင်ကစားခွင့်ရခဲ့တဲ့ စမစ်ရိုးဟာ လူငယ်အသင်းတွေနဲ့ ၂၀၁၇ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *