ရိုးမားထံပြောင်းရွှေ့ပြီးနောက် ဂျီရိုနာကို အသင်းငယ်လို့ ဒေါ့ဗ်ဘိခ် တံဆိပ်ကပ်ပြောဆို

0

ယူကရိန်းတိုက်စစ်မှူး ဒေါ့ဗ်ဘိခ်ဟာ စီးရီးအေကလပ် ရိုးမားအသင်းထံ ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဂျီရိုနာအသင်းကို အသင်းငယ်လို့ တံဆိပ်ကပ်ပြောဆိုခဲ့ပါတယ်။

ဒေါ့ဗ်ဘိခ်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့်(၃)နေရာရပ်တည်ခဲ့တဲ့ ဂျီရိုနာအသင်းအတွက် အမှတ်ပေးပွဲ(၃၆)ပွဲပါဝင်ကစားခဲ့ပြီး (၂၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်တဲ့သူပါ။

ဂျီရိုနာအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဒေါ့ဗ်ဘိခ်ကို ခေါ်ယူဖို့ အသင်းကြီးအချို့က ချိတ်ဆက်ခဲ့ကြပြီး ဒေါ့ဗ်ဘိခ်က ရိုးမားအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားလာရောက်ကစားခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာ ချယ်လ်ဆီးအသင်းထံ ပြန်သွားခဲ့ပြီဖြစ်လို့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဒေါ့ဗ်ဘိခ်ကို ပြောင်းရွှေ့ကြေး ယူရို(၃၈)သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဒေါ့ဗ်ဘိခ်က “ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် အလွန်ကောင်းခဲ့ပေမယ့် ရှေ့ကိုတစ်လှမ်းထပ်တိုးဖို့အချိန်ရောက်ပါပြီ။ ဂျီရိုနာက စပိန်ရဲ့အသင်းငယ်ဖြစ်ပြီး ရိုးမားက အီတလီမှာ သမိုင်းကြောင်းတွေအများကြီးရှိတဲ့ အသင်းပါ။ ဒါကြောင့် မတူညီပါဘူး”လို့ ရိုးမားအသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

ရိုးမားအသင်းမှာ ကျောနံပတ်(၁၁)ဝတ်ဆင်မယ့် ဒေါ့ဗ်ဘိခ်ဟာ ယူကရိန်းအသင်းအတွက်(၃၁)ပွဲကစားခဲ့ပြီး (၁၀)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *